Thursday, August 6, 2009

ပါးပါးနဲ့ မားမား


ပါးပါးနဲ့ မားမားက ငယ်ချစ်တွေ မဟုတ်ကြဘူး။ ပါးပါး သာမန်ယာဉ်ထိန်းရဲလေး ဘဝမှာ မားမားက ဆရာမပေါက်စ။ ယာဉ်ထိန်းရဲပေါက်စလေး ပါးပါးက ဆရာမပေါက်စလေး မာမားကို ကျောင်းဆင်းချိန် ကားတားပေးရင်းနဲ့ တွယ်တာလာတဲ့ သံယောဇဉ်။။။

မားမားက ပါးပါးလောက် မချစ်တက်ဘူး။ အခြေကြီးတယ်ပြောမလား။ ရန်ကုန်သူ မဟုတ်ပေမဲ့ ရန်ကုန်မှာကြီး ရန်ကုန်ကပဲကျောင်းပီးတဲ့ သူဆိုတော့ တနယ်သား သာမန်ယာဉ်ထိန်းရဲလေး တစ်ယောက်ကို စိတ်ကူးထဲ မထည့်ခဲ့ဘူးနဲ့တူပါတယ်။ ဒါပေမဲ့ အခြေအနေအရ မိဘရပ်ထံပြန်ပြီးနောက် ဆရာမ ဝင်လုပ်တဲ့ မားမား ကို ယာဉ်ထိန်းရဲလေးပါးပါး ဘယ်လို ကြိုးစားလိုက်တယ်မသိ။ ချစ်သွားတယ်နဲ့တူပါတယ်။


သူတို့ မင်္ဂလာဆောင်တော့ မားမားရဲ့အဒေါ်(ငယ်ငယ်လေးထဲက အမေလိုပဲတူတူနေခဲ့သူ)က မင်္ဂလာပွဲကို မတက်ရောက်ဘူး။ အမွေပြတ် စွန်လွှတ်တယ် ဘာညာမကြေငြာပေမဲ့ နောက်ပိုင်း မခေါ်တော့ သလောက်ပဲ။ နောက်ဆုံးသံယောဇဉ်အနေနဲ့ မင်္ဂလာဆောင်ရင် ပန်ဖို့ သစ်ခွပန်းတွေကို ရေခဲဘူးနဲ့ ရန်ကုန်ကနေ နောက်ဆုံးပို့ပေးခဲ့တယ် ပြောပါတယ်။ ပါးပါး မားမားတို့ မင်္ဂလာဆောင်မှာ လာရောက်တဲ့သူတွေကို ပြန်လက်ဆောင်ပေးတာက ဖန်ခွက်ထူထူလေးတွေ။ အနီရောင် အဝိုင်းလေးတွေ၊ အပြာရောင် အဝိုင်းလေးတွေ ချယ်သထားတဲ့ ဖန်ခွက်ထူထူလေးတွေကို ဆွေမျိုးတွေရှိရာ ရွာတွေဘက် အလည်သွားရင် တစ်ချို့အိမ်တွေမှာ ယနေ့ထက်တိုင် တွေရသေးသဗျ။ အိမ်မှာတော့ ၂လုံးလား ၃လုံးလားမသိ ဗီရိုဒေါင့်မှာ ရှိသေးတယ်။


ဒီလိုနဲ့ ကျတော်တို့မောင်နှမ ၃ယောက်လဲ လူလားမြောက်ကြီးပြင်းလာပြီး ပါးပါးနဲ့ မားမားကတော့ ယနေ့တိုင် ချစ်ကြဆဲပဲဗျ။ တစ်ခါတလေ စိတ်ဆိုး စိတ်ကောက် ရှိပေမဲ့ ကြီးကြီးကျယ်ကျယ် ဖြစ်တာဟာ မရှိသလောက်ပဲ။ ရှိရင်လဲ သားသမီးတွေ ကိစ္စကြောင့်ပဲ ဖြစ်တာများတယ်။ ပါးပါးက မားမားကို ထမင်းစားပီးတိုင်း ကွမ်းဝါးကျွေးတယ်။ သူစားနေကျ ကွမ်းကို ညက်အောင်ဝါးပီး အနည်းငယ်ကို မားမားကို ကျွေးလေ့ရှိသဗျ။ မားမား မအားလို့ ပါးပါးကလည်း သွားစရာရှိတဲ့ အခါမျိုးဆို ဝါးပီးသား ကွမ်းလေးကို စားပွဲခုံလေးပေါ်တင်ပီး ထားခဲ့သဗျ။ များသော အားဖြင့်တော့ ပါးပါးကိုယ်တိုင် ခွံကျွေးတာများပါတယ်။

ပါးပါးကော မားမားကော စာအရမ်းဖတ်ပါတယ်။ ကျတော်တို့ ပါးပါး၊ မားမားက စာအုပ်ဝယ်မယ်ဆို ဘယ်တော့မှ ပိုက်ဆံကုန်တယ် ဘာညာ တားလေ့မရှိဘူး။

ညဖက် ညဖက် ဆို ပါးပါး အိပ်တော့မယ်ဆို သူဖတ်နေကျ ဘောလုံးဂျာနယ်တွေ၊ နောက် ကျတော်တို့ ဝယ်တဲ့ ဂျာနယ်တွေအားလုံးကို ယူပီး အိပ်ခန်းထဲဝင်တော့တာပဲ။ ဂျာနယ် တစ်မျက်နှာ နှစ်မျက်လောက်ပဲ ဖတ်ရသေးတယ် အိပ်ပျော်သွားကော။ ဒါကြောင့် မာမီက ပါးပါးကို စတယ် “စာပေ၌ မွေ့ပျော်သူကြီး” တဲ့။ ပါးပါးက သူကိုစမှန်းသိတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလို အိပ်တော့မယ်ဆိုရင် ဂျာနယ်တွေ စာအုပ်တွေ တစ်ထပ်ကြီးကို ယူပီး အိမ်ခန်းထဲ ကို စပ်ဖြီးဖြီးနဲ့ ဝင်ကာ အရှက်ပြေ “စာအိပ်တော့မယ်” လို့ပြောတက်တယ်။

ကျတော်က ဆရာမ ခင်ခင်းထူး စာတွေကို ကြိုက်တယ်။ ဟို အစောပိုင်းတုန်းက ဆရာမ စာတွေကို ဖတ်တော့ ဖတ်မိတယ်။ သိပ်သတိမထားမိဘူး။ ရွှေအမြုတေ မှာ ဆရာမရဲ့ အခန်းဆက် ဝတ္ထု အညာသူ အညာသား ကျွန်မတို့ ဆွေမျိုးများမှာ ထူးထူးခြားခြား မှတ်မိသွားတယ်။ အဲဒီအထဲက မှတ်မှတ်ရရ အဖြစ်ဆုံးကတော့တော့ နှလုံရောဂါ ဖြစ်လို့ နတ်သွားမေးတာ နတ်ကတော်က ဘာပြောလဲဆိုတော့ “မြင်းဖြူရှင် ခွာရှပ်တာတဲ့လေ” ။ အဲ့ဒီ အချိန်က မာမီလဲ နှလုံးခန ခန အောင့်တာ တင်းကျပ်ပီး ဖြစ်နေတော့ မာမီကို စကြတယ်လေ “မြင်းဖြူရှင် ခွာရှပ်တယ်ပေါ့”..။ မာမီကို ပထမဆုံ အဲဒီလို “မြင်းဖြူရှင် ခွာရှပ်တယ်”လို့ စတာက ပါးပါး ပါ။ ပါးပါး ကလည်း ဆရာမ ခင်ခင်းထူ စာတွေကို ကြိုက်လို့ ဖတ်တယ်လေ။


အဲဒီလိုပဲ ကျတော့်ပါးပါးနဲ့ မားမားတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စလိုက်နောက်လိုက် နဲ့ဗျ။ ပါးနဲ့ မားကို အလွမ်းပြေရေလိုက်တာပါ။


(ပါးပါး၊ မားမားလို့ ခေါ်လို့ ပုလုကွေး တရုတ်မဟုတ်ပါ။ ပါးပါးက ရခိုင်၊ မာမီက ဗမာ..။ ရခိုင်လို အဖေကို ပါကြီးလို့ ခေါ်ပါတယ်။ ပါကြီးလို့ခေါ်နေရာကနေ နောက်ပိုင်း ပါးပါးလို့ဖြစ်သွားသဗျ၊ အမေကိုကတော့ ငယ်ငယ်လေးထဲက မာမီလို့ခေါ်ပါတယ်ဗျာ)

12 comments:

နွေးနေခြည် said...

ချစ်ကြတဲ့လူတွေ တယောက်ကိုတယောက် ယုယကြင်နာကြပုံတွေကို တော်တော်များများကြားဖူးပါတယ်။ ကွမ်းဝါးကျွေးတာတော့ ပထမဆုံးကြားဖူးတာပဲး)
အရမ်းသဘောကျတယ် (ကွမ်းစားလို့တော့မဟုတ်ပါ)

မင်းအိမ်ဖြူ said...

မိဘတွေ ထက်သာအောင် ပီကေ၀ါးပြီးကျွေး ကိုပုလု P;

နောက်တာ ခင်လို့ D

PTG said...

အားကျတယ်။
:(

subuueain said...

ကိုပုလုအလှည့်ကျ ကြံကိုအချိုကုန်အောင်စုပ်ပြီးကျွေးလိုက်ပေါ့။ ဟီးဟီး။ သဘောတကျလာဖတ်သွားပါတယ်။

သီဟသစ် said...

ကိုပုလုရေ

ပါးပါးကတော့စွံအောင်လည်းကြိုးစားတယ်။
သူတို့တွေအကြောင်းဖတ်ရတာ ကြည်နူးစရာ..

ဒါနဲ့စကားမစပ် သူတို့သားလေး ကိုပုလုရဲ့ဇာတ်လမ်းရော
:D

ခင်မင်စွာဖြင့်
သီဟသစ်

သက်ပိုင်သူ said...

ကျွန်တော်ငယ်ငယ်တုန်းကဆို အသက်ခုနစ်နှစ်အထိ မေမေ ကွမ်းဝါးကျွေးတာ မှတ်မိတယ်။ မေမေကွမ်းစားပြီဆို မယောင်မလည်နဲ့ ဘေးနားသွားပြီး ၀ါးပြီးသားကွမ်း သွားတောင်းစားရတာ ခဏခဏ.....။

WWKM said...

ပုလုကွေးလောလောဆယ်တရုပ်မဟုတ်သေးပါ.
မကြာမည် ဟုတ်နိုင်ပါသည်လို့ ရှင်းရှင်းရေးလေကွယ်.း)

မကြာမီ.. တရုပ်မလေးနဲ့ အမျိုးတော်ရပါတော့မည်လို့.း))

Rita said...

အိမ်မှာ နတ်ပြတ်နေလို့ ဒီနေ့မှ ရုံးကနေ ဖတ်ရတယ်။
ဖတ်ပြီး အားးးးးးးးးးကကကကကျ

ကိုယ်ပိုင်ဇာတ်လမ်းလေး လုပ်ပါဦး
:)

ရွှေပြည်သူ (ShwePyiThu) said...

ပုလုကွေးရဲ့ ပါပါးနဲ့ မာမားအကြောင်း ဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ။ အဲဒါမှ တကယ့် Romanceး)

မေလေး said...

ကြည်နူးစရာလေးဘဲ။ တကယ်ချစ်တဲ့သူတွေက အသက်ကြီးသွားပေမဲ့ ကြင်နာဆဲဘဲလေ။

ကြည်ဖြူပိုင် said...

ချစ်တတ်လိုက်ကြတာနော်..လုပ်ပါဦး..ကိုပုလုရဲ့ဇာတ်လမ်းလေး..မမ၀ါကပြောတော့ တရုတ်မလေးဆိုပဲစောင့်ဖတ်နေမယ်

Anonymous said...

မိသားစုအကြောင်းလေး ဖတ်ရူသွားပါတယ်ဗျား။