Wednesday, September 10, 2008

ဒီကောင်ကြီး

သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့ခတ်တယ်။ လူအချင်းချင်း၊ သက်ရှိအချင်းချင်းမှ သံယောဇဉ်တွယ်တာ ဟုတ်ဘူး။ တချို့ဆို အရုပ်လေးတွေ၊ ကစားစရာ လေးတွေကို သိပ်ချစ်၊ သိပ်သံယောဇဉ် ဖြစ်ကြတယ်။

ကျတော်မှာ သံယောဇဉ်တွယ်စရာ သက်ရှိဆိုလို ဖေဖေ(ပါးပါး)၊ မာမီ၊ မကြီး ရယ်၊ညီလေးရယ်။ ပြီးတော့ ဒီကောင်ကြီးရယ်ပဲရှိတယ်။ ဒီကောင်ကြီးကို ကျတော်ဘာကြောင့် သံယောဇဉ်တွယ် မိသလဲဆိုတာတော့ ကျတော်မစဉ်းစာတက်ဘူး။ ဒီကောင်ကြီးကို စတွေတာကတော့ ကျတော့ပါးပါးပဲ. ပါးပါးဟာ သူမိတ်ဆွေတွေကနေ တဆင့် ဒီကောင်ကြီးကို ရန်ကုန်မှာ စတွေခဲ့တာ။ သူကို့သွားခေါ်တော့ ပါးပါး၊မာမီ နဲ့ကျတော် ပြီတော့ အိမ်က ဒရိုင်ဘာရယ် သွားပြီးတော့ ဒီကောင်ကြီးကို ခေါ်လာခဲတာ။

ကျတော်တို့ ရောက်သွားချိန်မှာ ဒီကောင်ကြီးဟာ သစ်ပင်အောက်မှာ ရှိနေတယ်။ သူအရင်ပိုင်ရှင်ဟာ ဒီကောင်ကြီးကို ဒီအတိုင်းပြစ်ထားတာ ကြာလှပေါ့. မိုးရွာရင် မိုးရေထဲမှာ၊ နေပူရင်နေရောင်အောက်မှာ ဒီကောင်ကြီးဟာ ဒီအတိုင်းနေရတာ ကြာလာတော့ သူခမျာ ကျမ်းမာရေးသိပ်မကောင်းဘူး။

ကျတော်တို့ ရောက်သွားတော့ ပါးပါးဟာ ဒီကောင်ကြီးကို အားပြည့်ဖို့ ကျမ်းမာရေးကောင်းမွန်လာဖို့ အတွက် လိုအပ်တာတွေလုပ်ပေးတယ်။ အားလုံးပြီးတော့ မှပဲ ဒီကောင်ကြီး ကို အိမ်ကို ခေါ်လာခဲတယ်။ အိမ်ကို တော့ ကျတော်တို့က အရင်ပြန်နှင့်ပြီး အိမ်က ဒရိုင်ဘာနဲ့ ဒီကောင်ကြီးဟာ ကျတော်တို့ အိမ်ကို ချီတက်လာခဲ့တာပေါ့။
ကျတော်တို့အိမ်ဟာ ရန်ကုန်ကနေ မိုင်၆၀ ၃ဖာလုံတိတိဝေးတယ်။

ဒီကောင်ကြီး အိမ်ကိုဝင်တော့ ကျတော်တို့မေမေဟာ ပြုနေကြအတိုင်း အမွှေးနံသာတွေ၊ ပရိတ်ရေတွေ၊
ရွှေရေ၊ငွေရည်တွေနဲ့ ဒီကောင်ကြီးကို ကြိုဆိုတယ်။ ပါးပါးကတော့ သပြေပန်းနဲ့ အမွှေးနံသာတွေကို ဒီကောင်ကြီး တစ်ကိုယ်လုံးအနှံ လိုက်လံဖျန်ပတ်ပေးတယ်။

ဒီကောင်ကြီး မရောက်ခင် ကျတော်တို့အိမ်မှာ သူလိုကောင် မျိုး (၂)ကောင် အရင်ရှိတယ်။ သူရောက်လာတော့ အားလုံးပေါင်း ၃ ကောင်ဖြစ်သွားတာပေါ့။ ဒီကောင်ကြီးဟာ ကျတော်တို့အိမ်ကို နောက်ဆုံးမှ ရောက်လာပေမဲ့ အငယ်ဆုံး မဖြစ်ဘူးဗျ။ သူ့အရင်နှစ်ကောင်မှာ တစ်ကောင်က အငယ်မို့လို့ သူဟာ အလတ်ဖြစ်သွားတာပေါ့။ ဒါကြောင့် မို့လဲ သားအလတ်ဖြစ်တဲ့ ကျတော်သူကို ပိုပြီးသံယောဇဉ် တွယ်မိတာ ဖြစ်မယ်ထင်တယ်။

ဒီကောင်ကြီးကို ကျတော်တို့ အိမ်မှာ ပြုပြင်စရာ၊ လုပ်စရာတွေကို ၁ပတ်၊ ၂ပတ် လောက်လုပ်ပေး ပြီးမှ သူကို လုပ်ငန်းခွင် ၀င်ခိုင်းတယ်။ ဒီကောင်ကြီးရဲ့ မူလအရောင်ကမွဲပြာရောင်၊ ဒါကို ကျတော့ ပါးပါးက အစိမ်းရောင်နဲ့ အဖြူရောင်စပ်ကြားလေး ပြောင်းလိုက်တော့ သူဟာသစ်လွင်သွားတော့တာပေါ့။

ဒီကောင်ကြီးဟာ စိတ်ထားကောင်းပေမဲ့ တစ်ခါတလေ ညဉ်ဆိုးရှိတယ်။ သူဟာတစ်ခါတစ်လေ ဟို သူနဲ့ချိတ်၊ ဒီလူနဲ့ ချိတ်။ သူတို့ အချင်းချင်းချိတ် သုံးလေးခါလောက်ဖြစ်ဘူးတယ်။ ဒါကို ရဲအရာရှိဟောင်းဖြစ်တဲ့ ကျတော့ ပါပါးဟာလိုက်လံဖြေရှင်းပေးရတယ်။ ဒါနဲ့ ကျတော်က မဖြစ်သေးဘူးဆိုပြီး သူကို ချော့မော့ ရတာပေါ။

အဲ့ဒီတုန်းက ကျတော်ကကျောင်းတက်နေတုန်း ပဲ။ များသောအားဖြင့် သောကြာ၊စနေ၊ တနင်္ဂနွေ နေ့တွေမှပဲ အိမ်ပြန်လာတယ်။ကျန်တဲ့ရက်တွေဆို ကျတော်ရန်ကုန်မှာရှိတယ်။ ကျတော်ပြန်လာတဲ့ ပိတ်ရက်တွေဆိုရင် ကျတော်ဟာ သူ့နှာခေါင်းရိုးလေးကို လက်နဲ့ပွတ်သက်ပြီး သူကို လိမ်လိမ်မာမာနေဖို့၊ အလုပ်ကောင်းကောင်းလုပ်ဖို့ ဆုံးမတယ်။ သူဟာကျတော့ စကားကို နားထောင်တာလား၊ တိုက်ဆိုင်တာလား မသိဘူး။ သူအရင်လို သိပ်မဆိုးတော့ဘူး။

မနက် ၅နာရီလောက်ဆိုရင် သူတို့ ၃ကောင်(ဒီကောင်ကြီးအပါအ၀င်ပေါ့) ဟာ လုပ်ငန်းခွင်ဖို့ ထွက်ခွာကြတယ်။ သူတို့ရဲ့ အသံတွေဟာ ဆူညံနေတာပေါ့။ ဆောင်းတွင်းဖက်ဆို ပိုဆိုးသေး။ သူတို့ အသံတွေဟာ တစ်လမ်းလုံးကို ဆူညံနေတာပဲ။ အဲဒီအချိန်မှာ အိပ်ရာထဲနှက်နေတဲ့ ကျတော်ဟာ သူကို ကောင်းကောင်းသွားဖို့ စိတ်ထဲကနေ ပြောနေမိတယ်။

ကျောာင်းပိတ်ရက် ကျတော်အိမ်ပြန်လာတဲ့ နေတွေဆို ည ဖက် ၇နာရီ၊ ၈နာရီလောက် လမ်းဆုံဖက်ကို ကျတော့ ဆိုင်ကယ်လေးနဲ့ထွက်ပြီး ဒီကောင်တွေလာမဲ့ လမ်းဖက်ကနေ စောင့် ကြိုနေလေ့ ရှိတယ်။ ဒီကောင်ကြီးဟာ ကျတော်ကို တွေ့ရင်အသံတွေဘာတွေပြု နှုတ်ဆက်တယ်။ ဒီကောင်ကြီးကတော့ အိမ်မပြန်နိုင်သေးဘဲ သူတင်လာတဲ့ ပစ္စည်းတွေကို သွားချနေရအုံးမယ်လေ။ ၉နာရီ ၊ ၁၀နာရီလောက်မှ ဒီကောင်ကြီး အိမ်ကို ပြန်ဝင်တယ်။

ရာသီတွေ တရွေ့ရွေ့ပြောင်းပြီးရာသီတွေ တရွေ့ရွေ့ပြောင်းပြီး ဒီကောင်ကြီး ကျတော်တို့အိမ်ရောက်တာ ၄ နှစ်ကျော် ၅နှစ်နီးပါးရောက်လာခဲ့တယ်။ တနေ့တော့ ကျတော် အိမ်ပြန်လာ တော့ ပါးပါးက ဒီကောင်ကြီးကို တခြားသူတွေကို ရောင်းလိုက်တော့မယ်လို့ ကျတော့ကို ပြောတယ်။ ဒီကောင်ကြီး အသက်ကလည်း ကြီးလာ၊ နဂိုကျမ်းမာရေးကလည်း မကောင်းတော့ ဟိုနားကဖြစ် ဒိနားကပျက် ဖြစ်တာတွေများလာတာပေါ့။ ဒါကြောင့်မို့ သူကိုပြန်ပြင်ရင်ကုန်မဲ့ငွေ နဲ့ အကြောင်းကြောင်းတွေကို ကျတော့ ကိုတွက်ပြတယ်။ ဘာပဲဖြစ်ဖြစ် ကျတော်ကတော့ သူကို မရောင်စေချင်ဘူး။

ဒီကောင်ကြီးနဲ့ကျတော် ခွဲရမဲ့နေ့ ရောက်လာတယ်။ အဲဒီနေ့က သူကိုဝယ်မဲ့သူ တွေ အိမ်ကိုရောက်လာတယ်။ သူကိုဝယ်မဲ့သူတွေကလည်း တခြားမဟုတ်ပဲ ကျတော်တို့ဆီကပဲ။ ပါးပါးမိတ်ဆွေတွေပါ။ ကျတော်သူကို ကျတော့ ရှေ့မှာ သူတပါးလက်ထဲ ပါသွားတာ မမြင်ချင်ဘူး။ မြင်မိရင် ကျတော် ငိုမိမှာ ကျိန်းသေတယ်။ ဒါကြောင့် ဒီကောင်ကြီး ကို ဝယ်မဲ့သူတွေ လာတော့ ကျတော်သူ့နားသွား ပြီးနှုတ်ဆက်ခဲ့တယ်။ ကျတော့ရင်ထဲမှာ မကောင်းဘူး။ သူလဲငိုနေမလားမသိဘူး။ ကျတော်ပါးပါးနဲ့ ဝယ်သူတွေ စကားပြောနေတုန်း ကျတော်ဟာ ဆိုင်ကယ်ကိုစီးပြီး ကျတော့ သူငယ်ချင်းစီကို ထွက်သွားခဲ့တယ်။ အားလုံး ပြီးသွားလောက်ပြီဆိုတော့ မှ ကျတော်ဟာ အိမ်ကိုပြန်ဝင်လာခဲ့တယ်။ ဒီကောင်ကြီး သူများလက်ထဲရောက်သွားတာကို ကျတော်မကြည်ရက်ဖူးလေ။

ညကျတော့ ကျတော် ဒီကောင်ကြီး အကြောင်း အိမ်မက်မက်တယ်။ သူ အိမ်ကို ပြန်လာချင်တယ်။ သူအခုအိမ်မှာ မပျော်ဘူးတဲ့။ အိမ်မက်ထဲမှာ သူလည်းငို ကျတော်လည်းငိုပေါ့။ ဒီကောင်ကြီး အိမ်ကထွက်သွားပြီး ၂လလောက် ထိကျတော်ဟာ ညနေစောင်းဆို သူရှိရာ အိမ်ဘက်ကို သွားပြီး ဒီကောင်ကြီးကို သွားပြီးချောင်းကြည်လေ့ရှိတယ်။

နောက် ၃လ၊ ၄လ လောက်ကြာတော့ ကျတော်လည်း စင်္ကာပူကို ထွက်လာခဲ့တယ်။ ရောက်စကတော့ အလုပ်ရရေး၊ အလုပ်ရတော့လည်း အလုပ်ထဲမှာ နေသားကျရေးတို့ကို လုပ်နေရတာနဲ့ ဒီကောင်ကြီး အကြောင်း မစဉ်းစားမိသလောက်ပဲ။ နောက်ပိုင်း စလုံးမှာ နေသားကျလာတော့ ဒီကောင်ကြီး အကြောင်းခေါင်းထဲ ကို ခန ခန ရောက်ရောက်လာတယ်။ အိမ်ကို ဖုန်ဆက်မေးတော့ ဒီကောင်ကြီး ဟာ နောက်ထပ်ပိုင်ရှင် အသစ် အညာ ဘက်၊ မန္တလေးဘက်ကို ရောက်သွား ပြီတဲ့။ ကျတော်ကတော့ ဒီကောင်ကြီးကို လွမ်တုန်းပဲဗျာ။

ခင်ဗျား တို့လည်း ကျတော်ရဲ့ ဒီကောင်ကြီးကို မြန်မာပြည် အဝေးပြေးလမ်းတွေပေါ်က တနေရာရာမှာ တွေ့မိရင် ကျတော်သူကို သတိရကြောင်း၊လွမ်းနေကြောင်း ပြောပေးပါဗျာ။ ကျတော်ရဲ့ ဒီကောင်ကြီးဆိုတာ ကိုယ်ပိုင်နံပါတ် ၄ခ/ ၆၁၄၆ နံပါတ်နဲ့ NISSAN ကုပ္မဏီထုတ် PE 330 အင်္ဂျင်နဲ့ ဖက်ဖူးစိမ်းရောင် ၁၀ ဘီးကားကြီးကို ပြောတာပါ။။။

11 comments:

မာရေးသျှင် said...

အက်ဆေးကောင်းတစ်ပုဒ်ကို ဖတ်ရတာ အရသာ ရှိလိုက်တာဗျာ။
တော်ရုံတန်ရုံ ဝမ်းစာနဲ့တော့ ဒီအက်ဆေးမျိုး ရေးဖို့ မလွယ်ဘူး။
ဂုဏ်ယူပါတယ်ဗျာ။ ဆက်လက်ရေးသားသွားဖို့လည်း တိုက်တွန်းပါတယ်။

ပန်းခရမ်းပြာ said...

ဒီကောင်ကြီးဆိုလို့ ဘာကောင်များလည်းလို့ ။ ဆုံးအောင်ဖတ်မှပဲ သိရတော့တယ်။ စာရေးတဲ့သူတော်တယ်။

မစ်(စ်)သွန်းသွန်း said...

ဟူး..ဖတ်တယ် ဖတ်တယ်..စိတ်ထဲမှာလည်းတွေးတယ်..
ဒီကောင်ဘာကောင်တုန်းပေါ့.ခွေးလား ..ကြောင်လား
နွားလား...။
ဟင်း...(၁၀)ဘီးကားတဲ့..ကောင်းရော။
ငါ့အကိုတော်တယ်။

သက်တန့် said...

ဘာကောင်ပါလိမ့်လို့ စဉ်းစားနေတာ...
သြော်... လက်စသတ်တော့ ဒီကောင်ကြီးဆိုတာ ၁၀ဘီးကားကြီးကိုး...
ဆွဲဆောင်နိုင်ပါ့... :)

JulyDream said...

ဘာကောင်လဲ ဆိုတာ တောက်လျှောက် စဉ်းစားလာတာ နောက်ဆုံးတော့ ၁၀ ဘီးကားကြီး ဖြစ်နေပါရော့လားဗျာ။

MrDBA said...

အရေးအသားကတော့ ညက်ပါ့ နံ့သာရည်ဖျန်းတယ်ဆိုတော့ ကားဖြစ်တော့မယ်ဆိုတာ တွေးမိသား ...

Taungoo said...

ငကြွား။ သုံးစီးရှင် ဖြစ်ကြောင်း ပို့စ်ရေးပြီးကိုကြေညာတော့တာပဲ။ ရေးထားတာက ညက်တော့ အဆုံးထိဆက်ဖတ်ဖြစ်သွားတယ်။ သိသားပဲ ဒီအဆင်တွေ။ အိမ်မှာ ကြားနေကြ။ လုပ်ဦးလေကွာ။ ဟန်းဖုန်းခုနစ်လုံးတို့... ကျန်သေးတယ်လေ။ ထွန်းအိန္ဒြာဗို ပြန်ဆိုတဲ့သီချင်းထဲကလို
“မေရှင် ဓါတ်ပြားဟောင်းလေး ပြန်ဖွင့်ကာ... ဒန့်တန့်တန့်” ဆိုတဲ့ဟာလိုပဲ။ ဒါမျိုးတွေရိုးနေပြီ။ မင်းဘာကြောင့် ဒေါ်မေရှင် ကြိုက်တယ် ဆိုတာ သိသွားပြီ။ ဟဟ...
မင်းရဲ့ အပြောင်မြောက်ဆုံးလက်ရာကို မင့်၁၀ဘီးကားကြီးက နောက်ဆုံးအနေနဲ့ ပေးဆပ်သွားသေးတာပေါ့နော့။

သူငယ်ချင်းကြီး များများနဲ့ အမြဲရေးနိုင်ပါစေကွာ။
သူများတွေတော့ မေတ္တာဖြင့် သုံးတယ်ကွာ။
မင်းအတွက်တော့
မုဒိတာဖြင့်

မိုးကြယ်(ယိမ်းနွဲ့ပါး) said...

ဒီကောင်ကြီး.. ကောင်းတယ်.. ညက်နေတာပဲ..
စီးလို့လည်းကောင်းမယ်ထင်ပါ့..

Han Thit Nyeim said...

မိုက်တယ်ဗျာ... သဘာဝကျသားပဲ။

ဖြိုးစကီး said...

အဲ...
အနော့်မှာ.. ဒီကောင်ကြီးနဲ့ပေးစားဖို့တော့
ဘာမှ မရှိဘူး..
ဟာလူးလေးတုန်းကတော့ ငါးကလေးနဲ့ ပေးစားမယ်ပြောထားတယ်..။
ဒီကောင်ကြီး ကျတော့.. ဘူနဲ့ပေးစားရပါ့မလဲ...
အနော့်မှာ ဟိုကောင်လေးတော့ရှိတယ်..။
၁၀ဘီးကားတော့မဟုတ်ဘူး ၂ဘီး ဆိုင်ကယ်..
ဟီးဟီး
တတ်ကျိတ်တွားရင်တော့ ဒုတ်ခွ..

:P

lwinwin said...

စာတွေကိုအပြီးထိဖတ်ဖို့ဆွဲခေါ်သွားနိုင်တယ်နော်
ဖတ်လို့ကောင်းလိုက်တာ....