Wednesday, December 30, 2009

နောက် ငါးနှစ်နှင့် ရိုက်လွှတ်လိမ့်မယ်

ဟိုတစ်လောက မာမားဆီကို ဖုန်းဆက်တော့ ဖုန်းချခါနီး ကျတော်အမြဲပြောလေ့ရှိတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်၊ ဆေးမှန်မှန်သောက်ဖို့ မှာတယ်။ မာမားက ဘာပြန်ပြောလဲဆိုတော့ သူဆေးလဲမှန်မှန်သောက်ပါတယ်။ ကျန်းမာရေးလဲ ဂရုစိုက်ပါတယ်တဲ့။ မြေးတွေ ချီ၊ မြေးတွေထိန်းပါ အုံးမယ်တဲ့ဗျ။

မာမားကသာ မြေးတွေထိန်းမယ် ဘာညာပြောနေတာ သူသား ကျတော်မျိုး မစွံတာ သူအသိသား။ နောက်နှစ်ဆို အသက်က ထိပ်စီးဂဏန်းပြောင်းတော့မယ် ဒါတောင် အခုထက်ထိ မစွံသေးတော့ ဘယ်လိုလုပ်ရမလဲဗျ။ ကျတော်ပြောပြောနေတဲ့ တရုတ်မကလေးကကောလို့ အတွင်းသိတစ်ချို့က မေးလာကြရင် ကျတော်မောင်ပုလု ဖြေနိုင်တာကတော့ သူနဲ့ကျတော် အခုချိန်ထိ သူငယ်ချင်းပါပဲ ခင်ဗျား လို့သာ ဖြေနိုင်ပါမယ်။ (လက်နှေးကြောင်း ကျေကျေနပ်နပ်ကြီး ၀န်ခံလိုက်ပါတယ်)

အဲဒီတော့ လွတ်လပ်သူ ဘလောဂါ ညီမလေးများ စာရင်းသွင်း ကူညီနိုင်ပါတယ် ခင်ဗျား…(စတာနော် စိတ်ဆိုးရဘူး)။

နောင်ငါးနှစ်တဲ့ မတွေးချင်ဘူး။ လုပ်ချင်တာတွေနဲ့ လုပ်ရမဲ့ အရာတွေက တစ်ထပ်တည်း မကျတတ်ဘူးဗျ။ ကျတော်လုပ်ချင်တာ တွေကတော့

၁။ ဆော့ဝဲလ် စီဒီအရောင်းဆိုင် ဖွင့်ချင်တယ်…

၂။ Popular လို စာအုပ်တွေ စာရေးကိရိယာတွေ ရောင်းတဲ့ ဆိုင်ကြီး ဖွင့်ချင်တယ်။ (နောက်ဆုံးမရတော့လဲ လှည်းတန်းက D-Mate လို ဆိုင်လောက်လည်း အိုကေတယ်)

၃။ Country style ဘီယာဆိုင်လေး ဖွင့်ချင်တယ်။

နောက်ငါးနှစ်နေလို့ ရန်ကုန်မြို့ကနေ မိုင် ၆၀၊ ၃ဖာလုံဝေးတဲ့အရပ် လော်လီကားကြီးတွေ အောက်မှာ ဆီဂျီးတပေပေ၊ ဗိုက်ပူပူ ကွမ်းတံတွေး တပျစ်ပျစ်နဲ့ လူကြီးကိုတွေ့ရင် ဘလော်ဂါ ပုလုကွေးလားလို့ မေးကြည့်ပါ ။ ဟုတ်ပါတယ်ဆိုပြီး လဖက်ရည်လိုက်တိုက်လိမ့်မယ်ဗျ။။။

လူပျိုကြီးပဲလား လို့ ထပ်မမေးနဲ့ .... ရိုက်လွှတ်လိမ့်မယ်။

Wednesday, December 2, 2009

Complaint

ကျတော် ဆိုဒ်ထဲမရောက်ခင် အရင်-ရုံးမှာတုံးက ကျတော့ဖုန်းဘေလ်ဟာ ၅၀မကျော်ဘူးဗျ။

ဆိုဒ်ထဲရောက်တော့ supplier တွေ sub-con တွေ (တစ်ယောက်သောသူနဲ့ ပြောတာတွေကောပေါ့) နဲ့ဆိုတော့ တစ်လလ ကို 140 နီးနီးကျတယ်ဗျာ။

ဒါနဲ့ မဖြစ်သေးပါဘူးဆိုပီ call back card ဝယ်သုံးတယ်။ outgoing call ကိုလည်း ချွေတာနိုင်သလောက် ချွေတာလိုက်တယ်။ ဒါပေမဲ့ ဖုန်းဘေလ် ထွက်လာတဲ့အခါမှာ တစ်ရာကျော်ကကို မဆင်းဘူး။ callback card ဖိုးကုန်တာပဲ အဖတ်တင်တယ်။

ပြီးခဲ့တဲ့လက တမင်ကို သိသာအောင် ဖုန်းကို အထွက် CALL နည်းနိုင်သမျှနည်းအောင် ဂရုစိုက်တယ်။ ဒါပေမဲ့ ဖုန်းဘေလ်က ဒုံရင်း ၁၀၀ကျော်က မဆင်းပြန်ဘူး။ စိတ်တိုလာတာနဲ့ ဖုန်းလိုင်းရဲ့ Customer service ကို ဖုန်းဆက်ပြီး ငါဒီလောက်မပြောပဲ ဖုန်းဘေလ်တွေ အရမ်းကျတယ်၊ ဘာညာ Complain တက်တယ်။ သူတို့ကပြောတာတော့ ကျတော်ယူထားတဲ့ Voice Mail ကြောင့် ဖြစ်တာပါလို့ပြောတယ်။ အဲဒီ voice mail service က ကျတော် တစ်စုံတစ်ခုကြောင့် ဖုန်းမကိုင်တာပဲဖြစ်ဖြစ် ဖုန်းဝင်လာရင် သူတို့ voice mail ထဲမှာ သိမ်းထားတယ်တဲ့။ ပြီးမှ နားထောင်ချင်ရင် ပြန်ဖွင့်နားထောင်ပေါ့။ ကျတော် ဒီဆားဗစ်ကို ယူသာ ယူထားတာ။ တစ်ခါမှ မသုံးဖြစ်ပါဘူး။ ဘယ်သူကမှလဲ voice mail မချန်ထားပါဘူး။ You have reached ဆိုတာနဲ့ ဖုန်းကို ချလိုက်ကြတာပဲ။ ဒါပေမဲ့ လူလည် Singtel က အဲဒီလို စဝင်တာနဲ့ ၁မိနစ်ဖြတ်သဗျ။

အဲဒီ ဆားဗစ်စ်အတွက် တစ်လ ၅ကျပ်ပေးရသဗျ။ အဲဒါကြောင့် ကျတော်ဖုန်းဘေလ် ကျတာပါတဲ့။ ဒါနဲ့ ကျတော်ကလည်း ကျတော့ voice mail box ထဲကို ဝင်ရင်လည်း တစ်လကို အခု ၃၀မကျော်လောက်ပါဘူး။ အခု ၃၀ဆိုရင်တောင် တစ်မနစ် ၁၅ပြားနဲ့တွက်ရင် နည်းနည်းလေးပါလို့ ပြောလိုက်တယ်။ သူတို့ကတော့ ဝေလည်ကြောင်ပတ်နဲ့လေ။ ဒါနဲ့ကျတော်လည်း တစ်လ ငါးကျပ်ပေးရတဲ့ အဲ့ဒီ voice mail ကြီးကိုဖြုတ်ခိုင်းလိုက်တယ်။

ဟော ဒီလ ဖုန်းဘေလ်ထွက်လာတော့ ၇၀နီးပါးပဲကျတော့တယ်။ ဘယ်လိုဖြစ်သွားတယ်မသိ။ အမှန်ဆို ဒီလ အထွက်ကော များတယ်။1818 ကဒ်နဲ့ မြန်မာပြည်ခေါ်ဖို့သုံးတဲ့ M1 prepaid ကဒ်သုံးတဲ့ ဖုန်းအစုပ်လေးက ကြောင်နေတာနဲ့ပဲ ဒီလိုင်းဖုန်းနဲ့ ဒါရိုက်ခေါ်တာတောင် ဒီလ ၇၀နီးပါပဲကျသဗျ။ တစ်ခုခုတော့ တစ်ခုခုပဲ။

ဒါကြောင့် တစ်ခါတလေလည်း ငြိမ်ခံမနေတာကကောင်းတယ်။ ကွန်ပလိန်းလေး နည်းနည်းတက်ပေးနိုင်မှ တော်ကာကျမယ်ထင်ပါတယ်ဗျာ။

Friday, November 27, 2009

ပြန်လာခဲ့ပါ ....

ကျတော့ အနားမှာ မရှိတာ ဒီနေ့ဆို တစ်ပတ်ကျော်လာခဲ့ပြီလေ။ သူကတော့ ဟိုမှာပျော်နေမှာပေါ့။ ကျတော်သာ သူမရှိလို့ ရင်ထဲမှာ ဟာတာတာလေ။

ကျတော့်ရဲ့ ခြေလှမ်းတွေဟာ သူနဲ့ အတူစားနေကျ ထမင်းဆိုင်လေးကို ဦးတည်လာခဲ့မိတယ်။ ကျတော်တစ်ယောက်ထဲပေါ့။ ရင်ထဲမှာ ဘာလိုနေလဲ။ တစ်ခုခုပေါ့။

အရင်ကဆို သူနဲ့ ကျတော်တူတူလျှောက်ခဲ့တဲ့ ဒီလမ်းလေးတွေလေ။ များသေားအားဖြင့် ကျတော်သူကို အမ်အာရ်တီမှာစောင့်နေတယ်။ ဖတ်ချင်တဲ့ စာအုပ်တစ်ခုခုကို ဖတ်ရင်းပေါ့။ အခုတော့ သူကိုစောင့်စရာမလိုပဲ တစ်ကိုယ်ထဲ လျှောက်နေမိတယ်။

လူရှုပ်ရှုပ် food court တွေကိုကျော်လာရင် မီးပွိုင်လေးနားက လူကူးမျဉ်းကျားကနေ လမ်းကလေးကို ဖြတ်လိုက်တာနဲ့ ကုက္ကိုလ်ပင်ရိပ်တွေအောက်က သူနဲ့ ကျတော် စားနေကျနေရာလေးကို ရောက်မယ်။ ဆိုင်လေးကို ကျတော်ရောသူရော နှစ်သက်မိတာက လူမရှုပ်တာက တစ်ကြောင်း ပြီးတော့ ထိုင်စရာထိုင်ခုံလေးတွေဟာ မြန်မာပြည်က ထိုင်ခုံလေးတွေလို ဖြစ်နေတာကတစ်ကြောင်းပေါ့။ ဆိုင်ရှေ့ဘက်က ထောင့်ကျကျနေရာလေ ဟာ သူရယ် ကျတော်ရယ် ထိုင်နေကျနေရာလေးလေ။

ဆိုင်ထဲမှာ တရုတ်၊မြန်မာ၊ မလေး စားစရာတွေရှိပေမဲ့ ကျတော်တို့စားနေကျကတော့ မြန်မာဆိုင်လေးပေါ့။ သဘောကောင်းတဲ့ အစ်ကိုကြီးထည့်ပေးလေ့ရှိတဲ့ ထမင်းနဲ့ ဟင်းကိုယူ ထိုင်နေကျနေရာလေးမှထိုင်ကာ သူရယ်ကျတော်ရယ် မျက်နှာချင်းဆိုင်ကာ စားတယ်။ သူက ဟင်းတစ်ချို့ကို ကျတော်ကို ထည့်ပေး ကျတော်ကလည်း ဟင်းတွေ ပြန်ထည့်ပေးရင်း နှစ်ယောက်သား စကားတပြောပြော စားလေရှိတယ်။ တစ်ခါတလေ ကျတော်စားနေတဲ့ ဒီမြန်မာဆိုင်လေးက ဟင်းတွေ အကြောင်းလည်း ပါတာပေါ့။ ဟင်းချက်ထားတဲ့ လက်ရာဟာ ဆိုင်ထမင်းဟင်း ပုံစံမပေါက်ပဲ အိမ်ဟင်း အိမ်ထမင်းဟင်း ပုံစံလေးဆိုတော့ အမေ့လက်ရာ အလွမ်းပြေလေ။ “အသီးအရွက် ဟင်းနည်းတယ်နော်”လို့ ကျတော်က ပြောရင် သူက ”ဟုတ်တယ် .. အသီးအရွက်ဟင်း ဒီထက်ပိုများရင်ကောင်းမယ်” လို့ သူကပြန်ပြောလေ့ရှိတယ်။

ဒီဆိုင်လေးရဲ့ ရှေ့ထိုင်နေကျထိုင်ခုံလေးမှာ သူက သူအိမ်က မိသားစုအကြောင်း ဆွေမျိုးတွေအကြောင်းကို အေးအေးဆေးဆေးပြောကာ ရင်ဖွင်လေ့ရှိသလို ကျတော်ကလည်း ကျတော့် အလုပ်အကိုင် အကြောင်းကို ပြောဆို ငြင်းခုန်လေ့ရှိတယ်။ တစ်ခါတလေ အဲဒီမြန်မာဆိုင်လေးက ချက်တဲ့ အုန်းနို့ခေါက်ဆွဲကို လူမျိုးခြားတွေ စားကာ အားပေးနေတော့ ကျတော်က ”သူတို့တွေ သွေးတက်နေလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်“ လို့ပြောပီး ရီနေခဲ့မိတယ်ဗျာ...

အခုတော့ သူမပါပဲကျတော် တစ်ယောက်ထဲ ငေါင်းစင်းစင်းနေနဲ့ ထမင်းစားနေမိတယ်လေ။ စားပီးတော့ တစ်ယောက်ထဲပဲ “အောင် မြန်မာ ထမင်းဆိုင် blk 431 .#01-296 clementi ave 3”ကနေ တစ်ကိုယ်ထဲ ထွက်ခွါနေမိလာတော့တယ်။ ကျတော် စိတ်ထဲပြောနေမိတာကတော့ အမြန်ပြန်လာခဲ့ပါ တော့ဗျာ........


Friday, November 20, 2009

ခပ်ထုံထုံ ခပ်အအ ခပ်နနကောင်





ကျတော် အရိုးသားဆုံးပြောရရင် မလိမ်တတ်ဘူး။ သူတစ်ပါးကို လိမ်ရင်လဲ အလိမ်ပေါ်တာများတယ်။ အဲ ကျတော်ထက် အ တဲ့ သူကိုတော့ လိမ်လို့ရမှာပေါ့ဗျာ။

ငယ်ငယ်တုန်းက အိမ်မှာ ငါးပိကြော်တွေ ဘာတွေကြော်ရင် ကျတော်က ခိုးစားနေကျ။ ကျတော်တို့ အိမ်မှာက ငါးနီတူခြောက်လေးတွေကို ငရုတ်သီးလေးနဲ့ မကြာမကြာကြော်စားလေ့ ရှိတယ်။ အဲဒီလိုကြော်ပီဆို ကျတော်လူကြီးတွေ အလစ်မှာ မီးဖိုချောင်ထဲဝင် ခိုးစားနေကျ။ တစ်ခါပေါ့ ကျတော်ခိုးစားတာ အိုးအဖုံးက ပြုတ်ကျပီး ဂလုံဂလွမ်မြည်ပါရော။ ဒါနဲ့ အသာလေးပုံးနေတာပေါ့။ လူကြီးတွေ မသိလောက်ဖူးဆိုမှ အိမ်ရှေ့ထွက်တယ်။ အိမ်ရှေ့ရောက်တော့ မာမီက သားကြီး ငါးပိကြော် ခိုးစားတယ်မဟုတ်လားလို့ မေးတယ်ဗျ။ ကျတော်က သားသားမစားပါဘူး လို့ လိမ်တယ်။ ဒါပေမဲ့ဗျာ ပါးစပ်မှာ အကွက်လိုက်ကြီး အဆီတွေ ဝင်းနေတာကို မားမားတို့မသိပဲနေမလားဗျ။ အဲဒီလောက် အလိမ်တော်တာ။

တစ်ခါလဲ စလုံးမှာ ငါးကြော်ခိုးစားပါတယ် အိမ်မှာ ဘယ်သူမှ မရှိတုန်းပေါ့။ အဲဒီ ငါးကြော်ခိုးစားမှုဟာ အွန်လိုင်းပေါ်တောင် ရောက်သဗျ ။ လိမ်တက်တာပြောတာပါ။

ရိုးသားမှုနဲ့ အတူ ပွင့်လင်းမှုကလဲ ပါလာမြဲပါ။ ဒီစာကို ရေးတာက ကျတော်ကို ပွင့်ပွင့်လင်းလင်း မပြောတဲ့ အစ်ကိုတစ်ယောက်ကြောင့်ပေါ့။ ကျတော်ကတော့ ကျတော့်အရှိအတိုင်း အတော်များများကို အပွင့်လင်းဆုံးပြောတတ်တယ်။ သူကျတော့်ကို ပြောသင့်တာ ပွင့်ပွင့်လင်းလင်းနဲ့ ညီရေ ဘာဖြစ်တယ် ညာဖြစ်တယ် ဒါကြောင့် အဲဒါကို လှူမယ်ပေါ့။ ဒါပေမဲ့ဗျာ....

ကျတော်က အရှိကို အရှိတိုင်း ရိုးရိုးသားသားပြောတတ် တွေးတက် လုပ်ကိုင်တတ်တော့ ကျတော်သယ်ရင်းက မှတ်ချက်ချပါတယ် ။ မင်းက “အ” ရုံတင်မကဘူး။ တုံးပါတုံးတာတဲ့ဗျ။ ပြောချင်လဲ ပြောပါစေ။ ကျတော်ကတော့ အားလုံးအပေါ်မှာ အရင်အတိုင်း ဆက်ဆံရင်း ”ခပ်ထုံထုံ ခပ်အအ ခပ်နန ကောင်” အဖြစ်နေသွားမှာပါလေ။
photo: rebekccahkim .file.wordpress.com

Monday, October 26, 2009

ခြေလှမ်း တစ်လှမ်း ...စတင်ခြင်း

အဲဒီ Virtual World ထဲကို ဝင်ကြည့်ရင် ကောင်းမလား၊ မကောင်းဘူးလား။ လုပ်သင့်သလား မလုပ်သင့်ဘူး။ စဉ်းစာနေတဲ့ ရက်တွေ လတွေ တော်တော်ကြာပေါ့။ သူနာမည်နဲ့ လိပ်စာကို သိနေတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်လောက်ကတည်းက။

ကျတော့်ကို ခင်လို့ invite လုပ်ထားတဲ့ အစ်ကိုကြီးတွေ သယ်ရင်းတွေ မနည်းဘူးဆိုတာ အခု အကောင့်ဖွင့်လိုက်မှ သိရတယ်။ အရင်ကတော့ ကျတော့ ဂျီမေးထဲကို ဟိုသယ်ရင်းကပို့ ဒီသယ်ရင်းကပို့တဲ့ စာလွှာလေးတွေ ရောက်လာပေမဲ့ မသိသလိုနေနေခဲ့တယ်။

ဟိုတစ်ပတ်ကမှ မြန်မာပြည်က ညီငယ်တစ်ယောက်က အဲ့ဒီမှာ အကောင့်မရှိဘူးလားလို့ မေးတယ်။ ကျတော်က မရှိဘူးလို့ ဖြေတော့ ဟာ တော်တော် ခေတ်နောက်ကျတာပဲ ဘာညာနဲ့ အပြောခံလိုက်ရတယ်။ အင်း အဲဒီအကောင့် မရှိတာနဲ့ ခေတ်နောက်ကျတယ် ဘာညာ အပြောခံရတာတော့ ဟုတ်သေးဘူးထင်တယ်နော်။

ပြီးတော့ အိမ်ကနှစ်ကောင် အားနေရင် လယ်စိုက်ရတာနဲ့ ဘာမွေးညာမွေးလုပ်ရတာနဲ့ ပြောနေကြတာ။ ကိုယ်က မသိသလိုနေပေမဲ့ ကြာလာတော့ ဘာလဲ ညာလဲတော့နည်းနည်း သိချင်လာတယ်။ ကဲ ဒါနဲ့ပဲ မထူးတော့ပါဘူး။ ဒီနေ့ နေလည် ခန အားနေတုန်း အကောင့်ဖွင့်လိုက်မိတယ်။ ဒါပေမဲ့ လယ်မစိုက်ဘူး။ ဘာမလုပ်ဘူးလို့တော့ စိတ်ကူးထားတာပါပဲ။

အကောင့်ဖွင့်ဖို့ တစ်ယောက်သောသူက သဘောမတူချင်ဘူး။ ကျတော် လျှောက်ကဲနေမှာ စိုးလို့နဲ့တူပါတယ်။ အခု အကောင့်ဖွင့်နေတုန်း သူကို သတိရနေမိတယ်။ သူ ခွင့်ပြုမှာပါလေ..(ခွင့်ပြုနော်.. ခွင့်မပြုလဲ ဖွင့်ပြီးသွားပီ)။Virtual World ထဲကိုတော့ ခြေလှမ်း တစ်လှမ်း စတင်မိနေပြီ .....။။။။

Tuesday, October 20, 2009

P for Puluque…ပ for ပုလုကွေး

P for Puluque…

1. What is your name : Puluque (မွေးတုန်းက ၁၂ ပေါင်ကျော်သူမို..)

2. A four Letter Word : Push (အလုပ်တွေ မပြီးလို့ sub con: တွေကို တစ်ချိန်လုံး push လုပ်ခိုင်းနေတာ )

3. A boy's Name : PiPi Tom (ကြည့်ရနည်းလား)

4. A girl's Name : Pa Pa Wa Ti (ခုနှစ်ဆောင်တိုက်ခန်း မီးမထွန်းပဲလင်းတယ်ဆိုလို့ PUB တစ်ခု သက်သာအောင်လို့)

5. An occupation : Plumber (ပိုက်ပြင်ဆရာ.. ကိုယ်ကိုယ်တိုင် မတတ်ပေမဲ့ ဆရာကြီးလေသံနဲ့ အလုပ်သမားတွေကို ခိုင်းနေတဲ့ ကျတော်…)

6. A color : Purple (အခုတလေ အဲဒီအရောင်နဲ့ အင်္ကျီတွေကို အရမ်းကြိုက်နေပေမဲ့ အသားမဲတဲ့ ကျတော် မဝတ်ရဲဘူးဗျ)

7. Something you'll wear : Pants (မဝတ်လို့ မဖြစ်ဘူးလေ…ပုဆိုးက အိမ်မှာတော့ တစ်ခါတလေ ဝတ်တယ်)

8. A food : Papaya Salad ( ဗမာလိုပဲ ပဲမှုန့်နဲ့ သုပ်သုပ်၊ ရခိုင်လိုပဲ ပုဇွန်ငါးပိနဲ့ သုပ်သုပ်၊ ယိုးဒယားလိုပဲ သုပ်သုပ် ကြိုက်ပါတယ်)

9. Something found in the bathroom : Push button ( ကိစ္စပြီးရင် အဲဒီခလုပ်လေးကို နှိပ်နေကျလေ)

10. A place : Peninsula ( အပတ်တိုင်း ရောက်နေကျပေါ့…)

11. A reason for being late : Please wake up (ထမယ်ကြံလိုက် ပြန်အိပ်လိုက်နဲ့)


12. Something you'd shout : PA PA! Help me! (စိတ်ညစ်လာရင် အော်ပစ်မယ်)


13. A movie title : P---(ဇာတ်ကားတွေအများကြီး သိတယ်ဟုတ်)

14. Something you drink : Pepsi (ရွှေပြည်ကြီးမှာ မရတာ ကြာပြီလေ)

15. A musical group : Pink Floyd (ဂျူးခဏခဏ ရေးနေလို့ တစ်ခါမှတော့ နားမထောင်ဖူးဘူး)

16. An animal : People (မျိုးနွယ်တူတယ်လေ)

17. A street name : Pine Road (ထင်းရှူးနံ့လေးတွေ မွှေးလို့)

18. A type of car : Pajero (အိမ်မှာ ဈေးသွားရင် စီးတာပေါ့)

19. The title of a song : Power of love (အရမ်းအားပြင်းတယ်ပြောကြတာပဲ)

20. A verb : Pay me more (နည်းနည်းလေးနဲ့တော့ မရဘူးနော်)

***********
ပ for ပုလုကွေး

1. What is your name : ပုလုကွေး

2. A four Letter Word : ပိန်ပိန်ပါးပါး

3. A boy's Name : ပေါသွပ် (သမိန်ပေါသွပ်)

4. A girl's Name : ပြာကလပ်စိန်

5. An occupation : ပလာတာသည်

6. A color : ပြာတာတာ

7. Something you'll wear : ပိတ်အင်္ကျီ

8. A food : ပိန်းဥ

9. Something found in the bathroom : ပီပါ (ရေထည့်ဖို့ပါ)

10. A place : ပျဉ်းမနား (မမဆီကို အလည်သွားမလားလို့)

11. A reason for being late : ပျင်းကြီးလို့ (အိပ်နေတာလေ)

12. Something you'd shout : ပါပါးရေ ကယ်ပါ…

13. A movie title : ပုဂံမှာသာတဲ့လ (မေသန်းနုကို ရူးရော)

14. Something you drink : ပဲနို့

15. A musical group : ပဲခူးမြို့မတီးဝိုင်း (ရှိမရှိမသိ ရမ်းတုတ်လိုက်တာ)

16. An animal : ပလာတူး

17. A street name : ပြည်တော်သာလမ်း (ချိုင့်တွေချည်းလေ)

18. A type of car : ပါဂျရိုပေါ့ (အကြမ်းစီးဖို့ပါ)

19. The title of a song : ပျို့ဆုတောင်း (ဆရာတင်ရေးတဲ့ သီချင်းတစ်ပုဒ်ပေါ့)

20. A verb : ပိတ်သည် (တံခါးပိတ်ထားမှ ဒါတောင် အတင်းလာနေကြသေးတယ်..)

မမတန်ခူး တဂ်တဲ့ပို့စ်လေးပါ။ ကျတော့ကို တစ်ခါမှ မတဂ်ဖူးဘူးလို့ မမကပြောပေမဲ့ ကျတော် မှတ်မိနေတာကတော့ ဒါဟာ ဒုတိယ အကြီမ် တဂ်တာပါ။ ဝိုင်းကူးကာ ခေါင်းခြောက်ခံ စဉ်းစားပေးတဲ့ တစ်ရွာကို အပိုင်းစား ကိုဝိုင်တီယူ အဲလေ ကိုရွာသားလေး (htu) ကို သိုင်းခရု သိုင်းလိပ် သိုင်းပုရွက်ဆိပ်ပါဗျာ။

Saturday, October 10, 2009

တောကစား ထွက်ခြင်း



အမတ်ကြီးများ

ဖလား။။။။

ငါ ခြင်္သေ့ပြည့်သခင် ခြင်္သေ့ဗရင်ကြီး တောကောင်ရှားတဲ့ ကျွန်းစုတ်မဟာ ကနေ ကြီးကြယ်မြင့်မြတ် ကျွန်းကြီးမဟာ ပြည်မြန်မာသို့ တောကောင်ရှာထွက် တောကစားထွက်တော် မူမယ် အမတ်ကြီးများ။။။။



ကောင်းမြတ်လှကြောင်းပါ ဖလား။ ကိုယ်တော်ခြင်္သေ့ စလုံးမှာနေ စလုံးရေသောက်တာ (၁၀)လကြာတော့ တောကစားမထွက် တောကောင်ငတ်တော် မူလေမပေါ့ ဖလား။

အေး.. မှန်လှတယ် အမတ်တို့…။

တောကစားထွက် တောကောင်တွေဖမ်း ဖို့ ဘယ်လိုများ စီစဉ်ထားတော်မူပါသလဲ ဖလား။

ဟေ….ငါကိုယ်တော်မြတ် စလုံးစံချိန် စနေနေ့ ခွန်နှစ်နာရီခွဲတိတိ စစ်အဲ မဟာ ယာဉ်တော်သာနဲ့ ထွက်တော်မူမယ် အမတ်ကြီးများ. ရွှေရောင်ဝင်းပ အေးမြလှတဲ့ ရွှေပြည်ကို ဆိုက်ရောက်တဲ့ ငါကိုယ်တော်ကို ဒဂုန်တိုင်းသား တောကောင်များက စီးကြိုမယ်ကွဲ့။ အဲဒီနောက် ငါကိုယ်တော် အနားတော် ထောက်ရင်း အချိုတွေသကာလောင်း ချိုသာလှတဲ့ စံရိပ်ငြိမ်မှာ ဒဂုန်တိုင်းသား တောကောင်သားနဲ့ တောကစားတော်မူမယ်ကွဲ့။ သူနိုင် ငါနိုင်အပြိုင်ကြဲ အနိုင်နွဲကာ ဒဂုန်တိုင်းမှာ သုံးရက်ကြာနေပြီးရင် သကာလ ငါ့မွေးရက်မြေမှာ အခြေစုရအောင် ကြွချီမယ်မောင်မင်းတို့။

ဖခည်းတော် မယ်တော်တို့နဲ့ မွေးရပ်မြေမှာ ငါးရက် တစ်ပတ် ပျော်ရွှင်ပြီး သကာလ အထက်ပြည် အထက်အရပ် ရွှေမန်းရိပ်ခိုကာ ရှမ်းပြည်က လမ်းမှား လမ်းသလားလာတဲ့ ရှမ်းတောကောင်တွေ ရှာဖွေပစ်ခတ် စားသောက်တော် မူမယ်ကွဲ့..။

ရှမ်းစာမက်တဲ့ ငါကိုယ်တော်အတွက် ရှမ်းစာစားရင်း စစ်ကိုင်း၊ မင်းကွန်း၊ အင်းဝနဲ့ မေမြို့မကျန် အခြေဆန့်လို့ တောခရီးနှင်မဟဲ့။ အထက်ပြည်တကြော စုံဆန် မျောရင်း ဆယ်ရက်ကြာ အပန်းဖြေ အလွမ်းတွေဝေပြီးရင် မွေးရပ်မြေ ခဏပြန် အောင်ပွဲကြီး ခံမဟဲ့။

အခါအခွင့်သင့် မငံ့လင့်ရအောင် မွေးရပ်မြေမှာလည်း တောကောင်ရှာဦးမဟဲ့။ မွေးရပ်မြေမှာ ငါ့အကြိုက်တောကောင် ရှာမတွေ့ခဲ့ရင် စုန်ချည် ဆန်ချည် ရန်ကုန်မြို့တော် ဆီကူးမယ်ကွဲ့။ ကဲကဲ ဒါတွေကတော့ အကြမ်းဖျဉ်း အစီအစဉ်တွေပဲ မောင်မင်းတို့ရဲ့။

ဖုံးတော် ကြီးလှ အရှင်မျတ်ဖလား။ တန်ခိုးကြီးတဲ့ ---ဘုရားဆီ အဖူးမျှော် ထွက်ရင်း တောကစား မထွက်ပေတော့ဘူးလား ဘုရား။

ဟေ..ဟေ.. ဒါက လွန်ခဲ့တဲ့ နှစ် တမြန်နှစ်ကာလေကွဲ့။ ဒီနှစ်မှာတော့ အသစ်အသစ် တွေနဲ့ တောကစား ထွက်မဟဲ့။

တောကောင်ရှာထွက် တောကစားထွက်ဖို့ လက်နက်လူသူ ပြည့်စုံပြီလား ဖလား ။

အေးကွဲ့ လက်နက်တွေကတော့ esprit, g2000, top man, levis, puma မကျန် နစ်ကီ အစုံဝယ်လို့ တောကောင်ဖမ်းမဟဲ့ အမတ်တို့ ။ လက်စွဲတော် အိုင်ဖုန်း ဟန်တစ်လုံးနဲ့ အသပြာ နှစ်ရာကပ် နစ်ကီ ဖိနပ်ကို စီးရင်း်နဲ့ တောကစားထွက်တော် မူမယ်မောင်မင်းများ…။

သင့်မြတ်လှကြောင်းပါ ဖလားးးးးးးးးး။ သင့်မြတ်လှကြောင်းပါ ဖလားးးးးးးးးး။
(photo..blog.summacentral.com)


Friday, September 18, 2009

နာရီလေးများနဲ့ ကျတော်

လူတိုင်းမှာ နာရီလေးတစ်လုံးတော့ အနည်းဆုံး ရှိတတ်ကြမှာပါ။ တချို့တချို့မှာဆို နာရီလေးတွေ တော်တော်များများ ရှိနေကြမှာ။ ကျတော့မှာလည်း နာရီလေးတွေ ရှိပါတယ်။
နာရီဆိုတာ အချိန်ကြည့်ဖို့ လိုတဲ့ အခါ မရှိမဖြစ်ပေါ့။ တစ်ခါတလေတော့လည်း ဟိတ်ဟန်ထုတ်ဖို့၊ လူအထင်ကြီးဖို့ ပဲထုတ်ဖို့ အတွက် အသုံးချ တတ်ကြသေးတာလေ။

အဲဒီနာရီလေးနဲ့ ကျတော်စတွေ့တာက ကျတော် ၉တန်းကတည်းကပေါ့။ နာရီလေးဟာ တောက်ပြောင်သလို နာမည်လည်း ကျော်ကြားတယ်။ စတွေ့ စကတော့ နာရီလေးဟာ ကျတော်နဲ့ ခပ်စိမ်းစိမ်းရယ်။ သူ့ကို ကျတော်က သိနေပေမယ့် နာရီလေးက ကျတော်ကို သတိထားမိမယ် မထင်ပေါင်။ ညနေ ကျောင်းဆင်းတိုင်း တွေ့နေကျ နာရီလေးကို ကျတော်ဟာ ငေးကြည့်နေမိတယ်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်တော့ နာရီလေးနဲ့ ကျတော့ရဲ့ ရင်းနှီးမှုဟာ ပိုလာခဲ့တယ်။ နာရီလေးနဲ့ ကျတော်ဟာ သွားအတူ ပြန်အတူဖြစ်ခဲ့ကြတယ်။ တစ်ခါတလေ စိတ်ကောက်တတ် သလို တစ်ခါတလေ ပျော်ရွှင်ခဲ့ရတဲ့ ရက်တွေ များစွာ ပိုင်ဆိုင်ခဲ့တယ်။ ဒီလိုနဲ့ နာရီလေးနဲ့ ကျတော် တို့ရဲ့နေ့ရက်တွေဟာ ရွှေရောင်နေ့ရက်တွေ ဖြစ်ခဲ့သလို မုန်တိုင်းတိုက်တဲ့နေ့ တွေလည်း ရှိခဲ့တယ်လေ။ ဒါပေမဲ့ နာရီလေးဟာ ကျတော့ အတွက် အမြဲတမ်း အချိန်မှန်ခဲ့တယ်။

တက္ကသိုလ် ၄တန်း ၅တန်း နှစ်တွေမှာ နာရီလေးနဲ့ ကျတော် တစ်ခါတလေ အဆက်အသွယ် ပြတ်တောက်လိုက်၊ တစ်ခါတလေ တူတူရှိလိုက်နဲ့ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းခဲ့တယ်။ နာရီလေးကိုသာ ကျတော်ဟာ တစ်ခါတလေ ဂရုမစိုက်လိုက် ဂရုစိုက်လိုက် လုပ်နေခဲ့ပေမယ့် နာရီလေးက ကျတော့် အတွက်တော့ အချိန်ပြည့် အဆင်သင့်ရှိနေခဲ့တယ်။

ဖိုင်နယ်ရောက်တော့ ပါးပါးနဲ့ မားမားက ကျတော့ အတွက် လက်ကိုင်ဖုန်းလေး တစ်လုံး ဝယ်ပေးခဲ့တယ်။ လက်ကိုင်ဖုန်းလေး ရတော့ကျတော်ဟာ နာရီလေးကို ဂရုစိုက်မှု ပိုနည်းခဲ့တယ်။ နာရီပတ်ရမှာ စိတ်သိပ်မပါတော့သလိုပဲ။ လက်ကိုင်ဖုန်းလေးထဲက နာရီကို ပဲကြည့်ဖြစ် သုံးဖြစ်ခဲ့တယ်လေ။ နာရီလေးကို မေ့လျော့ခဲ့တယ်ဆိုပါတော့။

ကျောင်းတွေပြီး သင်တန်းတွေတက် တော့လဲ ကျတော်ဟာ နာရီလေးကို ကျတော် အနီးမှာ ရှိနေစေလိုက် အဝေးမှာ ထားလိုက်နဲ့ အချိန်တွေကို ဖြတ်သန်းခဲ့တယ်။ သယ်ရင်းတစ်ချို့ရဲ့ အားမလို အားမရဖြစ်မှုတွေ ရှိနေခဲ့ပေမယ့် ကျတော်ဟာ နာရီလေးကို ကျတော်နဲ့ တစ်သားတည်းဖြစ်အောင် ကြိုးစားမှု မရှိခဲ့ဘူး။ ဖြစ်လာမယ့် ပြဿနာတွေကို ကျတော် မရင်ဆိုင်ချင်ဖူး။ ဒါပေမယ့် နာရီလေးဟာ ကျတော့အတွက်ဆိုရင် အမြဲအဆင်သင့်ဖြစ်ခဲ့တယ်။ နာရီလေးနဲ့ ကျတော်ရဲ့ ရင်းနှီးမှုတွေဟာ ဖြူစင်စွာပဲ ရှိနေခဲ့တယ်။ ကျတော် နဲ့ နာရီလေးရဲ့ ခင်မင်မှုကို အရောင်တွေ ဆိုးချင်ပေမယ့် ဆေးရဲ့ဆိုးကျိုးတွေ (effect) တွေကို ကျတော်မလိုချင်ပြန်ဘူး။

ဒီလိုနဲ့ ကျတော် သင်တန်းတွေပြီးတော့ နိုင်ငံခြားကို သွားရမယ့် အချိန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ နာရီလေးဟာ ကျတော့်ကို သူ့ရဲ့ ကိုယ်ပွားလေး တစ်ခုကို လက်ဆောင်ပေးခဲ့တယ်။
စလုံးရောက်စနေ့တွေမှာ အခက်အခဲတွေကို ကြုံတိုင်း နာရီလေးကို ရင်ဖွင့်တိုင်ပင်ရင်း ကျတော် အားတွေရှိလာခဲ့တယ်။


စလုံးမှာ နေသားကျလာတော့ ကျတော်ဟာ စလုံးစတိုင် ဖန်စီနာရီလေး တစ်ချို့ကို စိတ်ဝင်စားလာခဲ့မိတယ်။ တစ်ချို့ကို ခဏအငှားသုံးရင်း တစ်ချို့ကို ဝယ်ရင်းနဲ့ နာရီလေး တစ်ချို့ဟာ ကျတော့် သမိုင်းမှာ ပါလာခဲ့မယ်ထင်ပါတယ်။



စင်္ကာပူ လေးတွေထဲက တစ်ယောက်ပေါ့


ဒါပေမဲ့ သူရဲ့ ကိုယ်ပွား နာရီလေးဟာတော့ ကျတော့် အတွက် အမြဲတမ်း အစားထိုးမရတဲ့ တစ်ခုတည်းသော နာရီလေးပါပဲ။

သူမရဲ့ ကိုယ်ပွားလေး

(မမဝါဝါ တဂ်စ်တဲ့ ပို့စ်ပါ။ နားရှုပ်သွားမယ်ထင်ပါတယ်။ ဒါလေးဖတ်ကြည့်နော်။ နဲနဲ သဘောပေါက်သွားပါလိမ့်မယ်။)

Wednesday, September 2, 2009


ဘုန်းဘုန်း ရာဇိန္ဒ ( ရဝေနွယ် (အင်းမ)) ရဲ့ မင်္ဂလာ အတွေးများ စာအုပ်ကို ပြီးခဲ့တဲ့ လကတည်းက စဖတ်မိပါတယ်။ ဘုန်းဘုန်းရဲ့ စာတွေကို ကျတော် စဖတ်ဖူးတာက အချစ်နှင့် ဝိပဿနာ စာအုပ်ပါ။

အခု မင်္ဂလာအတွေးများ စာအုပ်ကိုတော့ မာမီ မြန်မာပြည်ကနေ ပြီးခဲ့တဲ့ လက ပို့ပေးလို့ဖတ်ရတာပါ။ (စာတိုက်ကနေ စာအုပ်တွေပို့ဖို့ အစစ အရာ စီစဉ် ပေးတာက အချစ်ဆုံးသူမပေါ့..)။

ဘုန်းဘုန်းရဲ့ မင်္ဂလာအတွေးများ စာအုပ်ကို ဖတ်ရတော့ ကျတော်မှာ ဆင်ခြင်စရာ၊ ဗဟုသုတတွေ၊ မြတ်ဗုဒရဲ့ အဆုံအမတွေကို မှတ်သား ရပါတယ်။ ဘုန်ဘုန်းဟာ မင်္ဂလာအတွေးများ စာအုပ်ကို ရှေးရှေးရဟန်းစာဆို၊ လူစာဆိုတို့ ရေးသားခဲ့တဲ့ မင်္ဂလာသုတ်ဆိုင်ရာ စာအုပ်တွေကို အဓိကထားပြီး ရေးတယ်လို့လဲဆိုထားပါတယ်။ သပြေကန်ဆရာတော်ဘုရားကြီးရဲ့ ပရိတ်ကြီး နိဿယသစ်ကို လက်ကိုင်ထားပြီး ရေးတယ်လို့လဲ ဆိုပါတယ်။

ကျတော် ဒီစာအုပ်လေးကို ဖတ်ပြီးတော့ နှစ်သက်တာလေးကောက်နှုတ်ပြီး ပို့စ်တစ်ပုဒ် ၊ ဆောင်းပါးတစ်ပုဒ်လုံးကို ပို့စ်တစ်ပုဒ် စုစုပေါင်း ၂ ပုဒ် ဖြစ် ကျတော့ ဘလော့လေးမှာ တင်ဖူးပါတယ်။ ကျတော် အဲဒီလိုတင်တော့ သယ်ရင်းတစ်ချို့က စာအုပ်ကို ဖတ်ချင်တယ်လို့ ပြောလာပါတယ်။ ဒါကြောင့် မြန်မာအီးဘွတ်ခ်တွေ ရှိတဲ့ http://www.foreverspace.com/ ရှာကြည့်ပါတယ်။ ဝယ်လို့ရရင်လဲ ဝယ်မယ်ပေါ့။ ပြီးမှ capture ပြန်ဆွဲ- pdf ဖိုင်ပြန်ခုတ်ပြီး ဖတ်ချင်တဲ့သူတွေ ဖတ်ရအောင် တင်ပေးမယ် စိတ်ကူးပါတယ်။ (ကျတော့်မှာက အဲ့ဒီ forever ebook ဆိုဒ်ရဲ့ prepaid အကောင့်ရှိတယ်လေ။ ဘယ်သူ ဝယ်ပေးတာလဲ မပြောဘူး အသေသတ်)။

ဖော်အဲဗား အီဘွတ်ခ် ဆိုဒ်ထဲမှာ ကြည့်တော့ စာအုပ်ကို free ပေးထားပါတယ်။ ဒေါင်းလုဒ်ဆွဲလိုက်တာ ဒေါင်းလုပ်လင့်က အလုပ်မလုပ်တော့ပါဘူး။ ဒါနဲ့ ဘယ်မှာများ ရှိမလဲလို့ googling လုပ်လိုက်တော့ ဒီဆိုဒ်တွေမှာ တွေ့တာနဲ့ အားလုံးအတွက် လမ်းညွှန်လိုက်ပါတယ်။
ဒါက online ကနေ တိုက်ရိုက်ဖတ်ဖို့ပါ
ဒါကတော့ အပိုင်သိမ်းချင်ရင် သိမ်းဖို့အတွက် ဒေါင်းလုဒ် လင့်ပါ။

၁။ စိတ်ကောင်းနှလုံးကောင်း မွေးမြူဖို့
၂။ ပရဟိတလုပ်ဖို့
၃။ ပညာတက်ဖို့
၎။ ဝိပဿနာ တရားများ ပွားများအားထုတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ရေးသားထားတဲ့ ဘုန်ဘုန်း ရာဇိန္ဒ @ ရဝေနွယ် (အင်းမ) ရဲ့ မင်္ဂလာ အတွေးများ စာအုပ်ကို လူမျိုး ဘာသာမရွေး လူတိုင်းဖတ်သင့် မှတ်သင့် ကာ လိုက်နာကျင့်သုံးသင့်တယ်လို့ ကျတော် ထင်ပါတယ်။

Wednesday, August 26, 2009

Singapore = စင်္ကာပူ # ဆင့်ကာပူ


ပြီးခဲ့တဲ့ တစ်ပတ်က PUB Ulu-Pandan WRP ရုံးထဲသွားပြီး ပါမစ် သွားတင်တယ်။ Consultant က လူကြီးရုံးထဲ ဝင်ပြီး လက်မှတ်ထိုးနေတုန်း ကျတော်က အပြင်မှာနေခဲ့ရင်း သူတို့ Notice Board မှာ ဟိုလျှောက်ဖက် ဒီလျှောက်ဖက်ရင်း အောက်က စာလေးတွေကို တွေ့လို့ ပြန်တင်လိုက်ပါတယ်ဗျာ။ စင်္ကာပူ ဘဝ တွေထင်ဟတ်တာပေါ့။

In Singapore, the majority of us live in Highly Dangerous Buildings (HDB),And most people have already got used to Paying and Paying (PAP).Not only do you have to pay, you Pay Until Bankrupt (PUB).

When you fall sick and happen to be admitted to a Money Operating Hospital (MOH),You might be able to use your Cash Prior to Funeral (CPF) fund.If you are out of luck, you may meet doctors who Never Use Heart (NUH) to treat you,And you will be Sure to Give up Hope (SGH).

To help ease the traffic, motorists have to pay Cash On Expressway (COE).If that doesn't help, they can always Eternally Raise Prices (ERP) on the roads.If you don't own a car, you can always make a Mad Rush to the Train (MRT),OR get squashed in a bus Side By Side (SBS).
Lastly, under all these pressures, there are not many places we can relax,Not even the good old place we used to go because it has becomeSo Expensive and Nothing To See Actually (SENTOSA)!!!

HDB= Housing Development Board # Highly Dangerous Building
PAP= People's Action Party # Pay And Pay
PUB= Public Utilities Board #Pay Until Broke
CPF=Central Provident Fund Cash Prior to Funeral or Coffin Provision Fund # Cash Prior to Funeral
NUH=National University Hospital# Never Use Heart
SGH=Singapore General Hospital# Sure Giveup Hope
ERP=Electronic Road Pricing # Everytime Raise Price
MRT=Mass Rapid Transit# Mad Rush to Train
SBS=Singapore Bus Service # Side by Side
SENTOSA = So Expensive and Nothing To See Actually

(မမဝါဝါ လာရင် MRT (Mad Rush to the Train) ကြီး စီးပြီး ဈေးကြီးပြီး တကယ်ဘာမှ ကြည့်စရာမရှိတဲ့ Sentosa ကို သွားကြတာပေါ့ဗျာ။

Friday, August 21, 2009

သင်္ကြန်ပန်း

ကျတော့် နှလုံးသား ဥယျာဉ်ထဲမှာ ပွင့်လန်းခဲ့တဲ့ ပန်းကလေးတွေ တော်တော်များများ ရှိခဲ့မှာပေါ့။ တစ်ချို့ကလည်း ခဏတာ ပွင့်လန်းခဲ့တယ်။ တစ်ချို့ကလည်း သက်မှတ်ထားတဲ့ အချိန်မှာ အချိန်မှန်ပွင့်လန်းခဲ့တယ်။ (အမြဲတမ်းရင်ထဲမှာ ရှိနေတာကတော့ တစ်ပွင့်ထဲသော ပန်းလေးပေါ့…။)
အဲဒီနေ့ သင်္ကြန်မတိုင်ခင်တစ်ရက် ၁၂ရက်နေ့ပေါ့။ ကျတော်တို့ သယ်ရင်းတစ်စု သင်္ကြန်ပွဲနွှဲဖို့ တိုပါးရိုး ဘုန်းကြီးကျောင်းကို ချီတက်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းရဲ့ အဝင်ဘယ်ဘက်မှာက ကျတော်တို့ ရခိုင်မဏ္ဍပ်၊ ညာဘက် မှာက စတုဒီသာ မဏ္ဌာပ်တွေ အများကြီး။ ဘုရားကို ဦးချ။ အောက်ကို ပြန်ဆင်းလာတော့ ရခိုင်မဏ္ဍပ်ကနေ လွင့်လာတဲ့သီချင်းသံက

ရိုးရာပွဲဆို အမျိုးသွီးနဲ့ အားပီးရအောင်
မပျက်မကွက် ကိုယ်ရောက် အခေါက်တိုင်းပင်
ထိုင်မသိမ်းနဲ့ ရင်ယှားဆင်ထား
မမတစ်ယောက် တစ်ဖြောက်ဖြောက်ကဟန်
လက်ခုပ်သံ သြဘာမဆုံးအောင်

အိုး..ဒီသီချင်းကြားလိုက်မှ ကျတော့် ရင်ထဲကိန်းအောင်နေတဲ့ ရခိုင်စိတ်ကလေး ဘယ်လိုမှထိန်းမရခဲ့။ ညီအစ်ကိုတွေ အစ်မတွေနဲ့ တူတူကဖို့ ကျောင်းအောက်ကို အပြေးကလေး ဆင်းသွားခဲ့မိတယ်။

ဂစ်တာသမား အမျိုးသားစိတ် တရိပ်ရိပ်ဝင်
ရိုးရာက မမတို့ကျေးဇူးပင်
လေးစားလို စိတ်က ခင်မင်ချင်
မိတ်ဆက်မှ အရေးမထား ဟန်ကိုမြင်
လပြည့်တိမ်ဖုံးလား ပုံအသွင်

ကျတော်လည်း ညီအစ်ကိုတွေနဲ့ အတူကနေလိုက် ကျတော်မျက်ဝန်းထဲ သင်္ကြန်ပန်းလေး ရောက်လာတော့ ကနေတဲ့ လက်အစုံ ရပ်တန့်သွားတယ်။ အိုး..ကျတော့ရဲ့ သင်္ကြန်ပန်းကလေး ပါလား။ သူလေးဟာ မဏ္ဍပ် အပြင်မှာ သယ်ရင်းတစ်ယောက်နဲ့ အတူကနေပါလား။

ဆံပင်ကုပ်ဝဲလေးနဲ့ သင်္ကြန်ပန်းကလေး ဟာ လှပလွန်းလှတယ်။ ဘုန်းကြီးကျောင်း အဝင် ခြင်္သေ့ရုပ်ကြီးဘေးမှာ လှပစွာကနေတဲ့ သူမ။ ကျတော်ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ရေသန့်ပုလင်းလေးထဲ ရေတွေဟာ သင်္ကြန်ပန်းအပေါ် သွန်း ဖြန်းမိနေပါကလား။ ရေစိုစို သင်္ကြန်ပန်းလေးဟာ မျက်လုံးကလေး ပင့်ကြည့်ပီး ကျတော့သင်္ကြန်ရေစင်တွေကို ခံယူနေရှာတယ်လေ။

ရိုးရာက မမ
ရိုးရာက မမ
ဂစ်တာသမားအား စိမ်းကားလိုက်တေပင်
စိမ်းရေပင် တရားများပါးဖိုးကား
ရိုး….ရာကမမ
ရိုး…ရာကမမ
ဂီတ ဥယျာဉ် ပန်းမျိုးက တစ်ရာနှစ်ရာ
ရနံဖြာဖြာ ခြားနားဂတ်စော်မဆန်းပါ
ကိုင်တွယ်သုံးစွဲ တူရိယာရာ ကွဲစော်ပါ

သီချင်းသံတွေနဲ့ အတူ ကျတော်နဲ့ သင်္ကြန်ပန်းကလေး ပျော်ရွှင်စွာ ကနေမိတယ်။ အိုး..သင်္ကြန်မလေးရေ။ သူမရဲ့ နွဲနှောင်းတဲ့ အကတွေကြားထဲမှာ ကျတော် နစ်မျောနေမိပါလား။

“ဒီးးးးးးးး ဒီးးးး”
အဲဒီ အချိန်မှာပဲ ကျတော့ ဖုန်းကလေးမြည်လာတယ်ဗျာ။ သယ်ရင်းတစ်ယောက် ခေါ်တာ။ ဖုန်းပြောဖို့ သီချင်းသံတွေနဲ့ အနည်းငယ်ဝေးရာ နေရာကို လျှောက်လာခဲ့မိတယ်။ ခဏတာ သယ်ရင်းနဲ့ ဖုန်းပြောပြီး ကျတော် သင်္ကြန်ပန်းကလေး ဆီပြန်အလာ။ ဟင် ကျတော့် သင်္ကြန်ပန်းကလေး ဘယ်ရောက်သွားသလဲ။ ဟို ဟို ဒီ ဒီ အမြန်ရှာနေမိတယ်။ စတုဒီသာ မဏ္ဍပ်တွေ ဘက်များသွားသလား။ ဘုန်းကြီးကျောင်းပေါ်ပဲတက်သွားသလား။ ကျတော့် ရှေ့က ခုလေးတင်ပျောက်သွားတဲ့ သင်္ကြန်းပန်းကလေးကို အမောတကော လိုက်ရှာနေမိတယ်။ သွားပြီ..ကျတော် သင်္ကြန်ပန်းကလေး..ဘယ်မှာမှ ရှာမရတော့ပါလား။

တစ်နှစ်မှာ၊တစ်လ
တစ်လမှာ တစ်ရက်
ခက်ခဲတဲ့ ရက်ဗု…

အိုး…ကျတော့်ရဲ့ သင်္ကြန်ပန်းကလေး။ တစ်နှစ်မှာ တစ်ရက်ပဲ ပွင့်လန်းသွားပါလား။ နောက်နှစ်ခါမှာ ကျတော့် ရင်ထဲ တဖန်ပြန်လည်ကာ ပွင့်လန်းစေဖို့ မျှော်နေမိတယ် သင်္ကြန်ပန်းကလေးရေ…။




Friday, August 14, 2009

သူခိုးသတိ



အထူးသတိပေးကြေငြာချက် -


မိမိအိမ်တွင် သူခိုးကျူးကျော်ဝင်ရောက်ပါက
ယနေ့ မြန်မာပြည် အက်ဥပဒေအရ မိမိရော သူခိုးပါ ထောင်ကျနိုင်သည်

(သယ်ရင်းတစ်ယောက် ဂျီတော့ မက်စေ့မှာတွေလို့ သဘောကျပါသဖြင် တင်လိုက်ပါသည်)

Thursday, August 6, 2009

ပါးပါးနဲ့ မားမား


ပါးပါးနဲ့ မားမားက ငယ်ချစ်တွေ မဟုတ်ကြဘူး။ ပါးပါး သာမန်ယာဉ်ထိန်းရဲလေး ဘဝမှာ မားမားက ဆရာမပေါက်စ။ ယာဉ်ထိန်းရဲပေါက်စလေး ပါးပါးက ဆရာမပေါက်စလေး မာမားကို ကျောင်းဆင်းချိန် ကားတားပေးရင်းနဲ့ တွယ်တာလာတဲ့ သံယောဇဉ်။။။

မားမားက ပါးပါးလောက် မချစ်တက်ဘူး။ အခြေကြီးတယ်ပြောမလား။ ရန်ကုန်သူ မဟုတ်ပေမဲ့ ရန်ကုန်မှာကြီး ရန်ကုန်ကပဲကျောင်းပီးတဲ့ သူဆိုတော့ တနယ်သား သာမန်ယာဉ်ထိန်းရဲလေး တစ်ယောက်ကို စိတ်ကူးထဲ မထည့်ခဲ့ဘူးနဲ့တူပါတယ်။ ဒါပေမဲ့ အခြေအနေအရ မိဘရပ်ထံပြန်ပြီးနောက် ဆရာမ ဝင်လုပ်တဲ့ မားမား ကို ယာဉ်ထိန်းရဲလေးပါးပါး ဘယ်လို ကြိုးစားလိုက်တယ်မသိ။ ချစ်သွားတယ်နဲ့တူပါတယ်။


သူတို့ မင်္ဂလာဆောင်တော့ မားမားရဲ့အဒေါ်(ငယ်ငယ်လေးထဲက အမေလိုပဲတူတူနေခဲ့သူ)က မင်္ဂလာပွဲကို မတက်ရောက်ဘူး။ အမွေပြတ် စွန်လွှတ်တယ် ဘာညာမကြေငြာပေမဲ့ နောက်ပိုင်း မခေါ်တော့ သလောက်ပဲ။ နောက်ဆုံးသံယောဇဉ်အနေနဲ့ မင်္ဂလာဆောင်ရင် ပန်ဖို့ သစ်ခွပန်းတွေကို ရေခဲဘူးနဲ့ ရန်ကုန်ကနေ နောက်ဆုံးပို့ပေးခဲ့တယ် ပြောပါတယ်။ ပါးပါး မားမားတို့ မင်္ဂလာဆောင်မှာ လာရောက်တဲ့သူတွေကို ပြန်လက်ဆောင်ပေးတာက ဖန်ခွက်ထူထူလေးတွေ။ အနီရောင် အဝိုင်းလေးတွေ၊ အပြာရောင် အဝိုင်းလေးတွေ ချယ်သထားတဲ့ ဖန်ခွက်ထူထူလေးတွေကို ဆွေမျိုးတွေရှိရာ ရွာတွေဘက် အလည်သွားရင် တစ်ချို့အိမ်တွေမှာ ယနေ့ထက်တိုင် တွေရသေးသဗျ။ အိမ်မှာတော့ ၂လုံးလား ၃လုံးလားမသိ ဗီရိုဒေါင့်မှာ ရှိသေးတယ်။


ဒီလိုနဲ့ ကျတော်တို့မောင်နှမ ၃ယောက်လဲ လူလားမြောက်ကြီးပြင်းလာပြီး ပါးပါးနဲ့ မားမားကတော့ ယနေ့တိုင် ချစ်ကြဆဲပဲဗျ။ တစ်ခါတလေ စိတ်ဆိုး စိတ်ကောက် ရှိပေမဲ့ ကြီးကြီးကျယ်ကျယ် ဖြစ်တာဟာ မရှိသလောက်ပဲ။ ရှိရင်လဲ သားသမီးတွေ ကိစ္စကြောင့်ပဲ ဖြစ်တာများတယ်။ ပါးပါးက မားမားကို ထမင်းစားပီးတိုင်း ကွမ်းဝါးကျွေးတယ်။ သူစားနေကျ ကွမ်းကို ညက်အောင်ဝါးပီး အနည်းငယ်ကို မားမားကို ကျွေးလေ့ရှိသဗျ။ မားမား မအားလို့ ပါးပါးကလည်း သွားစရာရှိတဲ့ အခါမျိုးဆို ဝါးပီးသား ကွမ်းလေးကို စားပွဲခုံလေးပေါ်တင်ပီး ထားခဲ့သဗျ။ များသော အားဖြင့်တော့ ပါးပါးကိုယ်တိုင် ခွံကျွေးတာများပါတယ်။

ပါးပါးကော မားမားကော စာအရမ်းဖတ်ပါတယ်။ ကျတော်တို့ ပါးပါး၊ မားမားက စာအုပ်ဝယ်မယ်ဆို ဘယ်တော့မှ ပိုက်ဆံကုန်တယ် ဘာညာ တားလေ့မရှိဘူး။

ညဖက် ညဖက် ဆို ပါးပါး အိပ်တော့မယ်ဆို သူဖတ်နေကျ ဘောလုံးဂျာနယ်တွေ၊ နောက် ကျတော်တို့ ဝယ်တဲ့ ဂျာနယ်တွေအားလုံးကို ယူပီး အိပ်ခန်းထဲဝင်တော့တာပဲ။ ဂျာနယ် တစ်မျက်နှာ နှစ်မျက်လောက်ပဲ ဖတ်ရသေးတယ် အိပ်ပျော်သွားကော။ ဒါကြောင့် မာမီက ပါးပါးကို စတယ် “စာပေ၌ မွေ့ပျော်သူကြီး” တဲ့။ ပါးပါးက သူကိုစမှန်းသိတယ်။ ဒါပေမဲ့ အမြဲတမ်းလိုလို အိပ်တော့မယ်ဆိုရင် ဂျာနယ်တွေ စာအုပ်တွေ တစ်ထပ်ကြီးကို ယူပီး အိမ်ခန်းထဲ ကို စပ်ဖြီးဖြီးနဲ့ ဝင်ကာ အရှက်ပြေ “စာအိပ်တော့မယ်” လို့ပြောတက်တယ်။

ကျတော်က ဆရာမ ခင်ခင်းထူး စာတွေကို ကြိုက်တယ်။ ဟို အစောပိုင်းတုန်းက ဆရာမ စာတွေကို ဖတ်တော့ ဖတ်မိတယ်။ သိပ်သတိမထားမိဘူး။ ရွှေအမြုတေ မှာ ဆရာမရဲ့ အခန်းဆက် ဝတ္ထု အညာသူ အညာသား ကျွန်မတို့ ဆွေမျိုးများမှာ ထူးထူးခြားခြား မှတ်မိသွားတယ်။ အဲဒီအထဲက မှတ်မှတ်ရရ အဖြစ်ဆုံးကတော့တော့ နှလုံရောဂါ ဖြစ်လို့ နတ်သွားမေးတာ နတ်ကတော်က ဘာပြောလဲဆိုတော့ “မြင်းဖြူရှင် ခွာရှပ်တာတဲ့လေ” ။ အဲ့ဒီ အချိန်က မာမီလဲ နှလုံးခန ခန အောင့်တာ တင်းကျပ်ပီး ဖြစ်နေတော့ မာမီကို စကြတယ်လေ “မြင်းဖြူရှင် ခွာရှပ်တယ်ပေါ့”..။ မာမီကို ပထမဆုံ အဲဒီလို “မြင်းဖြူရှင် ခွာရှပ်တယ်”လို့ စတာက ပါးပါး ပါ။ ပါးပါး ကလည်း ဆရာမ ခင်ခင်းထူ စာတွေကို ကြိုက်လို့ ဖတ်တယ်လေ။


အဲဒီလိုပဲ ကျတော့်ပါးပါးနဲ့ မားမားတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စလိုက်နောက်လိုက် နဲ့ဗျ။ ပါးနဲ့ မားကို အလွမ်းပြေရေလိုက်တာပါ။


(ပါးပါး၊ မားမားလို့ ခေါ်လို့ ပုလုကွေး တရုတ်မဟုတ်ပါ။ ပါးပါးက ရခိုင်၊ မာမီက ဗမာ..။ ရခိုင်လို အဖေကို ပါကြီးလို့ ခေါ်ပါတယ်။ ပါကြီးလို့ခေါ်နေရာကနေ နောက်ပိုင်း ပါးပါးလို့ဖြစ်သွားသဗျ၊ အမေကိုကတော့ ငယ်ငယ်လေးထဲက မာမီလို့ခေါ်ပါတယ်ဗျာ)

Sunday, August 2, 2009

နှောင်းနွေ ဆုံမှတ်

ဘယ်သူမှလဲ မဖိတ်၊ ဘယ်သူနဲ့မှလဲ မသိ၊ သွားမယ်လို့လဲ အစီအစဉ်မချထားပေမဲ့ ရောက်ဖြစ်သွားပါတယ်။ နှောင်းနွေဆုံမှတ် လို့ အမည်ပေးထားတဲ့ sp သင်္ကြန်ပွဲကိုပါ။





























သူတို့တွေ ဒီလို ဓါတ်ပုံစုရိုက်ကြတော့လဲ ကျောင်းတော်ကြီးကို သတိရနေမိတယ်။




ကြေငြာထားတဲ့ စတင်ချိန်ထက် ၁နာရီကျော်နောက်ကျပေမဲ့ ဖြေဖျော်တင်ဆက်မှုလေးတွေက ကျတော့ရဲ့ ညစ်နေတဲ့ စိတ်ကို ပြန်လည်ကြည်နူးစေပါတယ်။




ပွဲချိန်မှာ ဓါတ်ပုံမရိုက်ဖို့ ပြောထားပေမဲ့ တန်ဆောင်မုန်းနက္ခတ်သမားမို့ ရသလောက်တော့ ရိုက်ခဲ့ပါသေးတယ်။



ဒါက ဘရိတ်တိုင်း မှာ snack စားပီး နားနေချိန်မှာ ကျတော် တွေရာမြင်ရာကို ရိုက်ထားတာဗျ။ တိုက်ပုံဖြူဖြူ၊ပိုးပုဆိုး.ရွှေအိုရောင်ဆံပင်နဲ့ မြန်မာ ညီငယ်လေးတွေကို လဲတွေ့ရသဗျ။ အပြင်မှာဆို ရွှေစစ် မစစ် ခွဲလို့ လုံးဝမရလောက်နိုင်အောင် လန်တဲ့ ညီမငယ်လေးတွေကိုတော့ ငေးမောကြည့်ရတာလဲအမောရယ်။

နားချိန်ပီးတော့ နှစ်ပါသွားပါ ။ ကျတော်လဲ ချိန်းထားတာရှိနေတာကြောင့် နှစ်ပါးသွား တစ်ဝက်ပဲကြည့်ပီးပြန်ခဲ့ရတယ်။ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းလဲ လွတ်သွားသဗျ။ ဒီပွဲမှာနေတုန်း ကျတော့ အသက် တစ်ဝက်လောက်ငယ်သွားတယ်လို့ ထင်ရပေမဲ့ ပွဲလဲပီးကော ငါအသက်တော်တော်ကြီးနေပါပကောလားလို့ သံဝေဂရသွားသဗျ။။။။

Sunday, July 26, 2009

Obsessed နှင့် ကျွန်ုပ်၏ ရုံးပိတ်ရက်

ဒီတစ်ပတ် ဘယ်မှ ဂျလန်းဂျလန်း မလုပ်ပဲနဲ့ အိမ်မှာပဲနေမယ်စိတ်ကူးထားတယ်ဗျ။ ဒါကြောင့် အိမ်အလုပ်တွေကို လုပ်၊ နောက်ပြီး အားရင်ကြည့်ရအောင် movies တွေကို ဒေါင်းလုပ်ဆွဲထားမိတယ်။ ဆွဲထားတဲ့ movies တွေက
၁။ obsessed
၂။ harry potter and the half blood prince
၃။ Transformer 2

အရင်ဆုံးကြည့်ဖြစ်တာက ကိုရွာသားလေး (ဝိုင်တီယူ) ညွှန်းထားတဲ့ Obsessedပဲ။ သူက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များနဲ့ ဒီ Obsessed ကို ယှဉ်ညွှန်းထားတာကိုး။ ကျတော်က ဂျူး ရဲ့ကြေမွသွားသော တိမ်တိုက်များကို ကြိုက်လွန်းလို့ အပိုင်ဝယ်ထားတာ။ မကြာခန ဖတ်ဖြစ်တယ်။ အဲဒီထဲက မြနှင်းဆီ ရဲ့ အချစ်ကိုလည်း ခံစားလို့ရတယ်။ ဒါပေမဲ့ ခပ်ကြောက်ကြောက်ရယ်။ မိန်းမတွေက ချစ်မိရင် မလွယ်ပါလား ဆိုတာကိုတွေးမိတာ။


Lisa ကိုကျတော် တွေ့လိုက်ရတဲ့ အချိန်ကျတော့ ဘုရားတမိသွားတယ်။ အလိုလေး။ Lisa ကို ကြောက်လွန်းလို့ အဲဒီကားကို ကြည်နေတုန်း ၃ ခါ နားပြီး ဆက်ကြည့်ရတယ်ဗျာ။ မြနှင်းဆီ နဲ့ မြတ်စု၊ Lisa နဲ့ Derek ။ သူတို့ကြားက သနားစရာ ဖြူ နဲ့ Sharon။ အချစ်ကို ပိုင်ဆိုင်ဖို့ကြိုးစားတဲ့ Lisa၊ မြနှင်းဆီတို့ကို ကြည့်ပြီး ရင်မောလွန်းလို့ဗျာ။


ဒီဇာတ်ကားကို ကြည့်ပြီး ဟိုတလောကမှဖတ်ထားတဲ့ ဆရာတော် ရဝေနွယ်(အင်းမ)ရဲ့ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၂၄၃ မင်္ဂလာအတွေးများ အပိုင်း ၃၇ ကို သွားသတိရမိတယ်။ ဘုရားကတော့ အချစ် ၃ မျိုးရှိသတဲ့ဗျ။ အဲဒီအချစ် ၃မျိုးကတော့
၁။ ဝီတိက္ကမ အချစ် (အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊ ဝဇီကံမြောက် လွန်းကျူးလိုက်တဲ့ အချစ်
၂။ ပရိယုဋ္ဌာနအချစ် (စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
၃။ အနုသယ အချစ် (သတ္တဝါတွေရဲ့ သန္တန် မှာ အစဉ်သဖြင့် ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက ပါလာတဲ့ အချစ်


အနာဂါမ် မဖြစ်သေးသမျှတော့ ဘယ်သူမှ အချစ်နဲ့မကင်းကြပါဘူး (အနာဂါမ်စစ် သူမဖြစ် အပြစ်လွန်ကျူးသည်)။ ဒါပေမဲ့ဗျာ အပြစ်နည်းတဲ့ အချစ် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။

မြတ်စု၊ Derek တို့ကလည်း သာမန်ပုထုဇဉ်ဆိုတော့ လဲ သူတို့ခမျာ ဘယ်လိုထိန်းနိုင်ပါမလဲဗျာ။ သီချင်းလေးတောင် ရှိသေးတယ်မဟုတ်လား။ မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် တဲ့ဗျာ။ ကျတော်လေကြောရှည်နေတာ ကြာပါတယ်။ ဒီ Obsessd ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ပါအုံးဗျာ....


ဒီမှာဒေါင်းလုပ်လင့်တွေပါ။

http://www.mediafire.com/?itwgwuyzzqf
http://www.mediafire.com/?yfnmnyykmtc
http://www.mediafire.com/?dn1gmwqyqmq
http://www.mediafire.com/?mzezc0nb5jl
http://www.mediafire.com/?gkm4kyozqnj
http://www.mediafire.com/?jnimnitmgmz
http://www.mediafire.com/?4znunktzcmu
http://www.mediafire.com/?utzqrkvjdm2


ဒေါင်းပြီးသွားရင် HJsplit နဲ့ ပြန်ပေါင်းပါ။ ပေါင်းပုံ ပေါင်းနည်းကတော့
၁။ အရင်ဆုံး movies ဖိုင် ဒေါင်လုပ်လင့်များအားလုံးကို ဒေါင်းပါ။ ဒေါင်းပီးရင်..ဖိုင်အားလုံးကို ဖိုလ်ဒါတစ်ခုထဲထည့်လိုက်ပါ။
၂။ ပြီးနောက် အဲဒီ အပိုင်းမျာ ကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။
၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။
၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2. 3 4 5 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။
၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။
၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခုရသွားပါလိမ့်မယ်။
၇၊ အဲဒီ movies ဖိုင်ကို ကြည့်ဖို့ အကောင်းဆုံး ပလေယာကတော့ VLC player ပါ။ ဒီနေရာကနေ ဒေါင်းပါအုံးဗျာ....

Wednesday, July 15, 2009

ရခိုင်သခွားသီးသုပ်

အခုလို ဂျွန်၊ ဂျူလိုင် မိုးရာသီရောက်ပြီဆို ကျတော်တို့ ရွာမှာ ခဝဲသီး၊ သခွားသီး၊ ပဲထောင့်ရှည်သီတွေ လှိုင်လှိုင်ပေါ်ပီဗျ။ ကျတော်တို့ ရွာရဲ့ အပိုင်းတစ်ပိုင်း ဖြစ်တဲ့ ရှမ်းစုလို့ အများခေါ်ကြတဲ့ အရပ်မှာ ပအို့စ် တွေနေကြတယ်ဗျ။ သူတို့က ရာသီအလိုက် သီးနှံတွေကို စိုက်ကြပြီး ဒီရာသီဆို ခဝဲသီး၊ သခွားသီး တို့ထွက်ပြီလေ။




အိမ်ကို သတိရတာနဲ့ ဒီအချိန်ဆို မာမီသုပ်ကျွေးလေ့ရှိတဲ့ ရခိုင် သခွားသီးသုပ်ကလေးကို စားချင်လာတယ်။ ဒါနဲ့ အိမ်နားက ဆိုင်မှာ သခွားသီး ဝယ်ပြီး ကိုယ်ဖာသာ ကိုယ်သုပ်စားလိုက်တယ်ဗျာ..။ ဘယ်လိုသုပ်ရတာကိုလဲ ဘလော့ကနေမျှချင်တာနဲ့ပဲ ….



ရခိုင်လို သခွားသီးသုပ်ဖို့..သခွားသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်၊ နံနံပင်၊ ပုစွန်ငါးပိ၊ သံပုရာသီး၊ ပုစွန်ခြောက် တို့လိုပါတယ်။







အရင်ဆုံး သခွားသီးကို ထက်ခြမ်းခြမ်းပြီး ဇွန်းအမြီးဖျားလေးနဲ့ ခြစ်ရမယ်။ ခြစ်ထားတာလေးကို ဇလုံတစ်လုံးနဲ့ ထည့်ထားပေါ့။




ငရုတ်သီးထောင်းဖို့က ငရုတ်သီးရယ်၊ ကြက်သွန်နီရယ်၊ ပုဇွန်ခြောက်ရယ်ကို ရောထောင်း။ ငရုတ်ဆုံ မရှိရင်တော့ မွှေစက်နဲ့သာ မွှေပါဗျာ။ တကယ်တော့ ပုဇွန်ခြောက်က မထည့်လဲရတယ်။ အချိုအတွက်သာ ထည့်တာပါ။
နောက် ဆား၊ ဟင်းချိုမုန့် နည်းနည်းထည့်။ ထောင်ထားတဲ့ ငရုတ်သီးနဲ့ ခြစ်ထားတဲ့ သခွားသီးကို ရောနယ်လိုက်ဗျာ။ ပြီးတော့ သံပုရာရည် လေးညှစ်ထည့်။ အနံလေးမွှေးဖို့ ပင်စိမ်းလေးထည့်ဗျာ။ စလုံးမှာက ပင်စိမ်းရွက် ရှားတော့ နံနပင်ပဲထည့်ပေါ့ဗျာ။ အပေါ့ အငန် မြည်းပြီး ရင် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ ရခိုင်သခွားသီးသုပ် ကိုရရှိမှာပါ။

(စလုံးက သခွားသီးတွေက မြန်မာပြည်မှာလို လတ်လတ်ဆက်ဆက် မဟုတ်တော့ မချိုဘူးဗျ တစ်ခုခု လိုနေသလိုပဲ သိပ်စားလို့ မကောင်းဘူး)

Friday, July 10, 2009

အမြတ်ဆုံး ဝိပဿနာ ကုသိုလ်



ဆရာတော် ရဝေနွယ် (အင်းမ) ၏ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၁၂၃ ၊ မင်္ဂလာ အတွေးများ (၁၈)..မှ စာများအား ပြန်လည် စာစီ စာရိုက်ပါသည်)။

ဝိပဿနာ ရှုမှတ်တဲ့ ယောဂီဟာ အခြေခံ နှစ်ချက်ကို သတိထားရပါမယ်။ အဲဒီနှစ်ချက်က (၁)ပစ္စုပ္ပန်တည့်တည့်ဖြစ်ရပါမယ်၊ (၂) ကိုယ်ရဲ့ အရှု့ခံ အာရုံဟာ ထင်ရှားရမယ်ဆိုတဲ့ အချက်နှစ်ချက်ပါ။ ဥပမာ. ရေချိုးနေတုန်းမှာ ဝင်တယ် ထွက်တယ် ဒါမှမဟုတ် ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်လို့ မရပါဘူး။ ရေချိုးနေတာ ထင်ရှားနေတဲ့ အတွက် ရေချိုးနေတဲ့ ကိုယ်အမူအရာ ကိုပဲ မှတ်ရမှာပါ။ အထူသဖြင့်တော့ ကိုယ့်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိနေဖို့ပါ။

စိတ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်လိုက် မှတ်နေတာ၊ လိုက်လိုက်သိနေတာကို စိတ္တာနုပသာနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ်ဖြစ်နေတာလေးကို နောက်စိတ်ကလေးက လိုက်လိုက်သိနေတာပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ “ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်” ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက် စေချင်ပါတယ်။

ဆိုပါစို့။

ကိုယ်က လူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့ ဒေါသ ဖြစ်လိုက်ပြီ။ ဒါဆို လုပ်နေတဲ့အလုပ်ကို ချက်ချင်းရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထား စိုက်ကြည့်လိုက်ပါ။ ဒေါသလေးက ဘယ်လိုလေး ဖြစ်နေတာလဲ စသဖြင့် ဒေါသရဲ့ သဘောလေး အထိမိအောင် သတိထားကြည့်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက် ခုန်နေတာ၊ ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတွေတောင် တဆက်ဆက်တုန်နေ တတ်ပါတယ်။) ပင်ပန်းနေတာ၊ ပူလောင်နေတာ စသည်တွေကို တွေရပါလိမ့်မယ်။

အဲဒီဒေါသရဲ့ သဘောလေးတွေကို သိနိုင်သမျှသိအောင် သတိကပ်ပြီး ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ် လို့ အချက်သုံးဆယ် လေးဆယ်လောက် မှတ်ပစ်နေလိုက်ပါ။ တကယ်ဆိုတော့ ဝိပဿနာမှာ စကားလုံးဆိုတာ မလိုပါဘူး။ ဒါပေမယ့် ဝိပဿနာ အားမထုတ်ဖူးသေးတဲ့ သူတစ်ယောက် အနေနဲ့ကတော့ စကားလုံးကို အကူအညီယူပြီး မှတ်တာ ပိုအဆင်ပြေတတ်ပါတယ်။ ဝိပဿနာကို တော်တော်လေး အားထုတ်ထားဖူးတဲ့ သူကတော့ စကားလုံးမလိုပါဘူး။ ဖြစ်နေတဲ့ ဒေါသလေးကို သိနေဖို့ပါပဲ။

အတိတ်အတိတ်ဘဝက ဝိပဿနာ အထုံပါရမီပါခဲ့သူ ဒါမှမဟုတ် လက်ရှိပစ္စုပ္ပန်ဘဝမှာ ဝိပဿနာတရားကို တော်တော်လေး အားထုတ်ထားဖူးတဲ့သူဆိုရင် စူးစိုက်ပြီး ရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့ ဒေါသလေလည်း ကုန်ပျက်သွားတာ၊ မှတ်သိနေတဲ့ မှတ်သိစိတ်ကလေးလည်း ကုန်ပျက်ကုန်ပျက်သွားတာကို သိခွင့်ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင် “ သြော်…ငါ့နှယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ပြုံးလေး တောင် ပြုံးလိုက်ပါးဦးမယ်။

အကုသိုယ်စိတ်ဖြစ်၊ ဖြစ်တာနဲသိ သိတာနဲ့မှတ်ပြီး ပယ်ပစ်တဲ့ အကျင့်လေးကို စွဲနေအောင် ရှေ့ဘဝအထိ အထုံဝါသနာ ပါသွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ ကျင့်ပါများသွားရင်း စွဲသွားတာပါ။

အဓိကကတော့ စဖြစ်ဖို့ပါ။ စဖြစ်ရင် စွဲသွားတာပါပဲ။

မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ။ မကောင်းတဲ့စိတ် ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ် ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့် အရာလည်းမဟုတ်ပါဘူး။ ဖြစ်တာနဲသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်စိတ် တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပိတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။

အဲဒီလိုပါပဲ ကိုယ့်စိတ်ညံ့လေးတွေကို ပြုပြင်ယူယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်တဲ့ စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့ စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ စိတ်ထားတွေ မြင့်မြတ်သူ ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ မကောင်းတဲ့ စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတောင် ဖြစ်နေပါဦးမယ်။

ကဲ ..စာဖတ်သူ ..မကောင်းတဲ့ စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်ကြည့်ပါလား.. အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။


စာစီ စာရိုက် ပူဇော်သူ ..ပုလုကွေး

Monday, July 6, 2009

မြတ်ဝါဆို

သင်္ကန်လှူချေစို့
သယ်ရင်းတွေ sms ပေး။
လှူချေ စို့ မြတ်သင်္ကန်း
Toa Payoh ကျောင်းမှာလေး။





တူညီစုံတွဲ လှူဒါန်းနေစဉ်

(ပုလုကွေးတို့ အတွဲ လုံးဝမဟုတ်ပါ..ပုလုကွေး ချစ်ချစ်က မြန်မာပြည်မှာ သူများတွေကို အားကျလို့ ရိုက်ထားတာ)


Thursday, June 25, 2009

အိမ်သာရေ ပြန်သောက်တဲ့ နိုင်ငံလား???


“ခင်ဗျား အခု စင်္ကာပူမှာ နေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင် (treatment) လုပ်ထားတဲ့ရေတွေလား” အဲဒီလို တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။

စလုံးမှာ ရေရှားတယ်ဆိုတာ (ရေ အရင်းအမြစ်ရှားတာပါ..ပိုက်ပိုက်တတ်နိုင်ရင် ကြိုက်သလောက်သုံးလို့ရတယ်နော် ..) အားလုံးသိကြပါတယ်။ ရေအများစုကို မလေးရှားကနေ ဝယ်ရပါတယ်။ မလေးရှားနဲ့ ၂၀၁၁ အထိ စာချုပ်ချုပ်ထားပါတယ်။

စင်္ကာပူမှာ ရေရနိုင်တဲ့ အရင်းအမြစ်ကြီးလေးခု ရှိပါတယ်။ အဲဒါတွေကတော့ (1) local Catchments (2) Johor Water (3) Desalted Water (4) NEWater တို့ပါပဲ။ အဲဒီထဲက ထူခြားတဲ့ NEWater အကြောင်းပြောချင်ပါတယ်။ NEWater ဆိုတာကတော့ စွန့်ပစ်ရေ ကိုပြန်သန့်စင်ထားတဲ့ ရေပါ။ အဲဒီလို စွန့်ပစ်ရေတွေကို ပြန်သန့်စင်ထားတဲ့ရေကို ကမ္ဘာမှာ စင်္ကာပူက စတင်သတ်မှတ် ခေါ်တာကတော့ NEWater လို့ခေါ်ပါတယ်။


စင်္ကာပူ ရေအရင်းအမြစ်ကြီးလေးခု



စွန့်ပစ်ရေ တွေကို သန့်စင်တဲ့ စက်ရုံလေးရုံ အခုလောလောဆယ် စင်္ကာပူလည်ပတ် နေပါတယ်။ အဲဒါတွေကတော့ Bedok, Kranji, Ulu Pandan and Seletar Water Reclamation Plants တို့ပါပဲ။ ၂၀၀၈ ဧပြီလမှ စတင်တည်ဆောက်တဲ့ Changi Water Reclamation Plant ဟာ လုံးဝ ပီးစီးသွားရင် အကြီးဆုံးဖြစ်လာမှာ ဖြစ်ပီး အဲဒီစက်ရုံကနေ တစ်နေ့ကို ရေဂါလံ ၅၀မီလီယံ ဂါလံ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။

စွန့်ပစ်ရေကို သန့်စင်တဲ့နည်းကတော့ အကြမ်းဖျင်းပြောရရင် စွန်ပစ်ရေတွေကို tanks ကြီးတွေနဲ့ စုပါတယ်။ အဲဒီစုထားတဲ့ ရေဆိုးတွေကို ဖစ်တာတွေနဲ့ စစ်ပါတယ်။ အဲဒီလိုစစ်ထုတ်လိုက်တဲ့ အခါမှာ အညစ်အကြေးတွေနဲ့ ရေဟာ ကွဲပြားသွားပါတယ်။ အညစ်အကြေးတွေကို သတ်သတ် tank တွေနဲ့ စုပါတယ်။ ဖစ်တာကို ဖြတ်သွားတဲ့ရေတွေကို RO နည်းနဲ့ထပ်မံသန့်စင်ပါတယ်။

အဲဒီလို နည်းအဆင့်ဆင့်နဲ့ သန့်စင်လိုက်တဲ့ အခါ ရေဟာ လုံးဝနီးပါး သန့်စင်လိုက်တဲ့ ရေကို ရရှိပါတယ်။ ဖစ်တာကို ဖြတ်မသွားတဲ့ အညစ်အကြေးတွေကို tank တွေနဲ့ စုထား။ digester တွေမှာသိုလှောင်ကာ ဓါတ်ငွေ့ ထုတ်ပါတယ်။ ရရှိလာတဲ့ ဓါတ်ငွေကိုတော့ plant က စက်တွေလည်ပတ်ဖို့ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ သုံးပါတယ်။

နောက်ဆုံး ဘာမှသုံးမရတော့တဲ့ အညစ်အကြေးတွေကို အပင်တွေ စိုက်ပျိုးဖို့ မြေသြဇာအနေနဲ့ သုံးပါတယ်။ ဒါကတော့ sewage water တွေကို သန့်စင်တဲ့ နည်းလမ်းအကြမ်းဖျင်းပါ။

Water Reclamation Plant တစ်ခု၏ အစိတ်အပိုင်းတစ်ချို့



အဲဒီလို စွန့်ပစ်ရေကို ပြန်သန့်စင်လို့ ရလာတဲ့ရေ အများစုကို စက်မှုလုပ်ငန်းတွေမှာ သုံးးပါတယ်။ သောက်သုံးရေအဖြစ်မသုံးဘူးလား ဆိုတော့ ဟုတ်ကဲ……..သုံးပါတယ်။ သောက်ပါတယ်။ ဟိဟိ။

စွန့်ပစ်ရေတွေကို RO နည်းနဲ့ သန့်စင်လိုက်တဲ့ အခါမှာ ရေမှာပျော်ဝင်နေတဲ့ Mineral အကျိုးပြု ဓါတ်သတ္တုတွေ အကုန်လုံးနီးပါးဟာ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါကြောင့် စွန့်ပစ်ရေကို သန့်စင်လို့ ရရှိတဲ့ ရေ (NEWater) ကို သဘာဝရေတွေနဲ့ ရောပီး သုံးပါတယ်။ အဲဒါကိုတော့ အခုကျတော်သောက်နေ သုံးနေတဲ့ရေ pub ရေ (portable water) လို့ခေါ်ပါတယ်။ ဘယ်လောက်ပမာဏလဲ ဆိုတော့ အခု ကျတော်တို့ သောက်နေ၊ သုံးစွဲနေတဲ့ ရေရဲ့ ၁ရာခိုင်နှုန်းပါ။ နောက်ပိုင်းဆို ၂.၅ ရာခိုင်နှုန်း အထိတိုးဖို့ရှိပါတယ်။

အဲဒီအိမ်သာရေလို့ အလွယ်ခေါ်တဲ့ စွန့်ပစ်ရေကနေ သန့်စင်လို့ ရရှိတဲ့ ရေဟာ လုံးဝ ရေသန့်နီးပါသန့်စင်ပါတယ်။ ဒါဆို ကျတော်တို့ စွန့်ပစ်ရေကို ဘာလို့ ဒါရိုက်မသောက်တာလဲ။ ဟုတ်ကဲ ဘာလို့လဲဆိုတော့ လူတွေ စိတ်ထဲမှာ အိမ်သာရေကို ပြန်သောက်တယ်၊ သုံးတယ်လို့ စွဲသွားမှာဆိုးတာက တစ်ချက်။ နောက်တစ်ချက်က အကျိုးပြု ဓါတ်သတ္တုတွေ (mineral) တွေ မပါတော့တာကြောင့်ပါ။



“ခင်ဗျား အခု စင်္ကာပူမှာနေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင်(treatment) လုပ်ထားတဲ့ရေတွေလား” ကဲ တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။
“ဟုတ်ကဲ သောက်လဲသောက်ပါတယ်..မသောက်လဲ မသောက်ပါဘူးပေါ့..” တရားဝင်ကြေငြာထားတာကတော့ ၂.၅ ရာခိုင်နှုန်းပဲ။ ဒီထက် ဘယ်လောက်ပိုတယ် မပိုတယ်ဆိုတာကတော့ ပုလုကွေးလဲ မသိ။
“ကဲ ရေးရတာ ပင်ပန်းတယ်ဗျာ အိမ်သာရေ(စွန့်ပစ်ရေ) တွေကို သန့်စင်ထားတဲ့ရေတွေ ရောထားတဲ့ရေ တစ်ခွက်လောက် သောက်လိုက်အုံးမယ်ဗျာ… ဂလု ဂလု ဂွတ်”

(ဒီစာဖတ်ပီးလို့ စင်္ကာပူမှာနေပီး ရေသောက်ရတာ စိတ်ညစ်သွားရင် ပုလုကွေးနဲ့ မဆိုင် စာဖတ်သူနဲ့သာ သက်ဆိုင်ပါကြောင်း)

Ref: www.pub.gov.sg
www.wikipedia.com
(all photos are captured from the pub website)

Saturday, June 20, 2009

အလင်္ကာကြီးကို ဘယ်လိုမျက်နှာပြမလဲ


ပုလုကွေး ငယ်ငယ်က ဇာတ်တွေကြည့်ရတာ တော်တော် ဝါသနာပါပါတယ်။ အဒေါ်အငယ် အပျိုကြီးနဲ့ အတူတူ ပုလုကွေးတို့ မောင်နှမ ကြည့်ဖြစ်တာများပါတယ်။ ဇာတ်ထဲမှာဆို အများဆုံးကြည့်ဖြစ်တာက သစ္စာမေတ္တာ ရွှေမန်းသဘင် ပါ။ အဲဒီအချိန်က နာမည်ကြီး မန္တလေးသိန်းဇော်၊ မိုးဝင်းတို့ကို လဲကြည့်ဖူးပါတယ်။ ဒါပေမဲ့ မကြိုက်ဘူးဗျ။ သိန်းဇော်ဆို ကတာက နွဲ့လွန်းတယ်လို့ ထင်ပါတယ်။ မိုးဝင်း၊ မိုးမင်း တို့ကို တော့လုံးဝ ခံစားလို့မရတာပါ။ ပန်တျာကြည်လင်တော့ ကြိုက်ပါတယ်။

ပုလုကွေးတို့ ပဲခူးဘုရားပွဲဆိုတာကလည်း သင်္ကြန်မတိုင်ခင် နဲ့ သင်္ကြန်တွင်းမှာ ခြိမ့်ခြိမ့်သဲကျင်းပတာကလား။ ပဲခူးဘုရားပွဲက တခြားသောဘုရားပွဲတွေနဲ့ မတူဘူးခင်ဗျာ။ သူက တစ်နိုင်ငံလုံးက နာမည်ကြီးဇာတ်တွေ ၅ ၊ ၆ ၊ ၇ ခုလောက်ကို တချိန်ထဲမှာ ပြိုင်တူသွင်းတာခင်ဗျ။ ဇာတ်တွေကလည်း သူတို့ရုံလူပြည့်ဖို့ အပြိုင်ကကြတယ်ခင်ဗျ။ ဘယ်လိုပဲ ဇာတ်တွေများများ ပုလုကွေးတို့ တူဝရီး နှစ်တိုင်းအားပေးနေကြ ကတော့ သစ္စာမေတ္တာရွှေမန်းသဘင် ပါပဲ။

ရွှေမန်းသဘင်ကို ပဲခူးသူတွေက ဘယ်လောက်တောင် အားပေးသလဲ (ကဲသလိုဆို) မင်းသား ချမ်းသာက သီချင်းတစ်ပုဒ်ကို အစပဲပျိုးရသေးတယ်၊ အောက်ကနေ မင်းသားနဲ့ အပြိုင်လိုက်ဆိုကြတာဗျ။ ဥပမာဗျာ..ရွှေလက်ခုပ်သံ သီချင်းကို မင်းသားချမ်းသာက ရွှေလက်ခုပ်သံ လက်ခုပ်သံ..ဆိုပီး အစပဲပျိုးရသေး အောက်ကနေ..မိုးလုံးပြည့်ညံ ခြိမ့်ခြိမ့်သံ။ အာကာဝေယံ..ဗြဟ္မာပြေထံ၊ လူအပေါင်း ဝိုင်းကာကဲ ဆူဆူညံညံ ဘာသံလဲလို့ ချမ်းချမ်းကတဲ့ ပွဲတော်သဘင်မှ တီးလိုက်ပါတဲ့ ရွှေလက်ခုပ်သံ….ဘာညာ ဘာညာဆိုပီး ဆက်ဆိုကြတာ(ပုလုကွေးတောင် မေ့ကုန်ပီ)။

ပုလုကွေး ဇာတ်စကြည့်တဲ့ အချိန်က မင်းသားကိုချမ်းသာက ငယ်သေးသဗျ။ ဦးဝင်းဗိုလ်၊ ဦးဆန်းဝင်း တို့က ဦးဆောင်ပီးကတာဗျ။ မင်းသားဝင်းဗိုလ်ဆို ဝဝလေးနဲ့ ကတာလဲလှသဗျ။ ဦးဆန်းဝင်း ကတာလဲ အားပေးကြတာပါပဲ။(ကျတော် မင်းသားဦးဝင်းမောင် ကတာကို သိပ်မကြည့်ဖူးပါ) နောက်ပိုင်းတော့ မင်းသားချမ်းသာက ရွှေမန်းသဘင် ကိုဦးဆောင်လာခဲ့တယ်။ မင်းသားချမ်းသာရဲ့ ပြဇာတ်တွေဆို ပုလုကွေးမှတ်မိသလောက် ပျိုတို့မောင်ရှင်လိမ်ပြန်တော့(အဲ ဒါက ချမ်းသာရေးတာမဟုတ်ဘူးထင်တယ်)၊ ခင်ဦးနဲ့သား (ညွန့်ဝင်း ရုပ်ရှင် ပြန်ရိုက်ထားတယ်)၊ ဖိုးသင်္ကြန် တို့ ဆို တော်တော်လေးကို ကြိုက်ခဲ့တာပါ။

နှစ်ပါးသွား ကတော့ ပုလုကွေး အကြိုက်ဆုံးပဲခင်ဗျ။ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ တို့ ညီအစ်ကိုတွေနဲ့ မင်းသမီးတွေ ဖြစ်တဲ့ လှလှသန်း၊ရွှေကူးတင်၊ ဋ္ဌေးဋ္ဌေးမြင့်၊ နောက်တော့ ပိုင်ပိုင်ချမ်း စတဲ့ မင်းသမီးတွေ ရဲ့အကတွေဟာ နှစ်ပါးသွားပီပီ မြိုင်ဆိုင်တယ်ဗျ။ တစ်ချို့ဇာတ်တွေမှာက နှစ်ပါးသွားလို့သာဆိုတယ် မင်းသမီးတွေက ထိုင်ရာက မထ ငုတ်တုတ်ဗျ။ မင်းသားပဲ ကနေတာလေ။ လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ရွှေခဲ၊ ရာပြည့် (နောက် မေ့ကုန်ပီဗျာ..နာမည်တွေ၊) တို့ ရဲ့ ပြတ်လုံးတွေဟာလဲ တော်တော်လေး ကောင်းပါတယ်ဗျာ။ လှလှသန်းရဲ့ အသံပြဲကြီးနဲ့ ချမ်းရေ..ချမ်းရေ ဆိုပီး ချမ်းသာကို ခေါ်တဲ့ အသံ၊ ဆန်းရေ ဆန်းရေ ဆိုပီး ဆန်းဝင်းကို ခေါ်တဲ့ အသံတွေကို အခုထိ နားထဲကြားယောင်သေးသဗျ။

၁၉၉၅ ပတ်ဝန်းကျင်ရောက်တော့ ဆန်းဝင်းသား တင်မောင်ဆန်းမင်းဝင်း ဟာ ဇာတ်ထဲကို အစပျိုးဝင်ရောက်လာသဗျ။ တင်မောင်ဆန်းမင်းဝင်းရဲ့ ပုဂံအက ဟာလဲ ကြည့်လိုကောင်းတယ်ဗျ။ နောက်ပိုင်း ရွှေမန်းသဘင်ဟာ နှစ်ခုကွဲသွားတယ်။ ချမ်းသာနဲ့ ဆန်းဝင်းတို့က တစ်ဇာတ်၊ မင်းသားဝင်းဗိုလ်က တစ်ဇာတ်။ တစ်နှစ်ပေါ့ အဲဒီ ရွှေမန်းသဘင် ဇာတ်နှစ်ခုလုံး ပဲခူးဘုရားပွဲမှာ အပြိုင်ကကြတယ်ဗျ။ အဲဒီတော့ ပုလုကွေးလဲ ဘယ်ဇာတ်မှ မကြည့်တော့ဘူး။ မကြာပါဘူး မင်းသားဆန်းဝင်း က အမေရိကန်မှာ အခြေချ။(မကျိန်းသေပါ)။ မင်းသားချမ်းသာလဲ ပဲခူးသူနဲ့ အိမ်ထောင်ကျပီး ဇာတ်ဆက်မကတော့ သလောက်ပါပဲ။ သစ္စာမေတ္တာရွှေမန်းသဘင်ကို တင်မောင်ဆန်းမင်းဝင်းနဲ့ သူ့ညီမက ဦးဆောင်ကလာတယ်။ ပုလုကွေးလဲ အဲဒီ အချိန်ကတည်းက ဇာတ်တွေနဲ့ ဝေးနေခဲ့တာပေါ့။ (ဦးဝင်းဗိုလ်သား စည်သူဗိုလ် ကတာကို နဲနဲပဲ ကြည့်ဖူးပါတယ်..မကြိုက်ပါ)

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ချခဲ့မျိုးစေ့ကို မင်းသား ဆန်းဝင်း၊ မင်းသား ဝင်းဗိုလ်၊ မင်းသား ဝင်မောင်၊ မင်းသားချမ်းသာ တို့ဟာ အလင်္ကာရဲ့သွေးပီသစွာနဲ့ မြန်မာဇာတ်သဘင် ခေတ်ကို ဦးဆောင်ခဲ့ကြတယ်ဗျာ။ (ဦညွှန့်ဝင်းကတော့ ခြွင်းချက်ပေါ့)။

တနေ့ သယ်ရင်းအတောင်က burmese classic ကနေပီး ရုပ်ရှင်ဖွင့်ထားတယ်ဗျ။ သူဖွင့်ထားတော့ ပုလုကွေးလဲ ကြားနေရတာပေါ့။ လူရွှင်တော်က ခွန်းတောက်ဆိုသံကြားတော့ အော်အငြိမ့်ပဲ လို့ထင်ခဲ့တာ။ နောက်တော့ တင်မောင်ဆန်းမင်းဝင်း အသံကြားမှ အော်ရွှေမန်းသဘင်ပါလားဆိုပီး သူ့ကွန်ပျူတာဆီ အရောက်သွားပီး ကြည့်နေမိတယ်။ ရွှေမန်းသဘင်ဆို စိတ်ကကြည့်ချင်လာတာနဲ့ ဇာတ်ကားနာမည်ဘာလဲလို့ အတောင်ကို မေးမိတယ်။ အဲဒီမှာ ငါးပါးမှောက်တော့တာကလား။ သူပြောတာက “ခိုင်သင်းကြည်တို့ ကတဲ့ပွဲ (၃)တဲ့”။ ဗျာ အလင်္ကာ မျိုးဆက် တင်မောင်ဆန်းမင်းဝင်း ကဦးဆောင်ပီးကတဲ့ ဇာတ်ကို ခိုင်သင်းကြည်တို့ ကတဲ့ပွဲ လို့နာမည်တပ်ခံရသဗျ။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။

ပုလုကွေးဟာ ယောင်္ကျားဝါဒီကို ပဲဆွဲကိုင်ထားတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ဗျာ ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည်ရဲ့ မကတက် ကတက်နဲ့ ကထားတာကို ခိုင်သင်းကြည် တို့ ကတဲပွဲ ဆိုပီး နာမည်တပ်ခံရတော့ အဲဒီအခွေကို ဆက်ကြည့်ဖို့တောင် အားမရှိတော့ဘူး။ အလင်္ကာကြီး ကို ဘယ်လိုမျက်နှာပြရမလဲဗျာ…။ (တကယ်တော့ အဲ့ဒီအခွေက နှစ်ပါးသွားကနဲနဲလေးပါ၊ ပြဇာတ်တွေ ဘာညာတွေနဲ့ ..)

(youtube မှာတင်ထားတဲ့ မင်းသားချမ်းသာရဲ့ ခင့်ဆုတောင်း သီချင်းရယ်၊ မင်းသား ဆန်းဝင်းရဲ့ ခင့်ဆုတောင်း ကို ကြည့်သွားပါအုံးဗျာ။ မနှစ်က မြန်မာပြည်ပြန်တာ ပုလုကွေး မှာရှိတဲ့ သစ္စာမေတ္တာရွှေမန်းသဘင် ရဲ့ အခွှေတွေကို ယူကျူ့မှာတင်ဖို့ဆိုပီး အားခဲထားပေမဲ့ အခွေတွေက ဖတ်မရအောင်ပျက်နေတော့ လက်လျှောခဲ့ရတယ်ဗျာ။ အခွေတွေဝယ်မယ်ဆိုပီး လိုက်ရှာတာလဲ မရဘူးဗျာ။ ရှိတဲ့လူတွေများ ရွှေမန်းသဘင် အက အလှတွေကို youtube မှာတင်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ )





Sunday, June 14, 2009

ရောက်တက်ရာရာ အတွေး သတင်းများ




၁။ အာရှထိပ်သီး စီပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးမားတဲ့ မြန်မာနိုင်ငံမှ သူတို့ရဲ့ လူလိုက်ပါစီးနင်းမဲ့ တတိယမြောက်အာသယာဉ်ကို လာမဲ့ အင်္ဂါနေ့မှာ လွှင့်တင်မှာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ မနေ့ဖော်ပြပါရှိပါတယ်။ အဆိုပါ ဇင်ယော်၃ အမည်ရ အာကာသယာဉ်ကို နိုင်ငံအဓိပတိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်ခလုပ်နှိပ် ကာလွှင့်တင်မည့် အကြောင်း သတင်းများမှာဖော်ပြပါရှိပါတယ်။

၂။ စင်္ကာပူနိုင်ငံမှ တာဝန်ရှိသူများဟာ သူတို့နိုင်ငံမှ ကျွမ်းကျင်လုပ်သားများအား မြန်မာနိုင်ငံသို စေလွှတ်ရေး အတွက် သဘောတူ စာချုပ်တစ်ရပ်ကို ရေးထိုးနိုင်ရန် မြန်မာနိုင်ငံသို လာမည့် စနေနေ့တွင် ရောက်ရှိမှာဖြစ်ကြောင်း၊ အဆိုပါသဘောတူညီမှုရရှိပါက စင်ကာပူနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံတွင် ဆိုက်ကားမောင်းခြင်း၊ လယ်ထွန်ခြင်း၊ ဆီအုန်းစိုက်ခြင်း စတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာ ဖြစ်တဲ့ အကြောင်း သိရှိရပါတယ်။

၃။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ေ၇းကုပ္မဏီကြီးမှ ယခုလ အကုန်တွင် touch screen ဖုန်း အလုံးတစ်သိန်း အား ဦးရာလူစနစ်ဖြင့် အလကားပေးသွားမှာဖြစ်ကြောင်း စီအန်အန် သတင်းမှ ကြေငြာသွားပါတယ်။ အဆိုပါဖုန်းများတွင် မြန်မာကျပ်ငွေ ၅၀ဖိုး ဖုန်းခေါ်ဆိုနိုင်မည့် ပရီပိတ်ကဒ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၎။ မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းပိုင် အလုံဓါတ်အားဖြန်ဖြူးရေးငှာနခွဲမှ ဓါတ်အားပို့လွှတ်စက်များ ယာယီချို့ယွင်းမှုကြောင့် ဓါတ်အားပို့လွှတ်မှု ၄ မိနစ် ၃စက္ကန်ကြာမျှ ပြတ်တောက်မှု မနေ့က ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ၄မိနစ် ၃စက္ကန်ကြာ ဓါတ်အားပြတ်တောက်မှု အတွက် စက်မှုလုပ်ငန်းရှင်များသို လျှော်ကြေး မြန်မာကျပ် ၅သန်းပေးချေရမည့် အကြောင်း မြန်မာလျှပ်စစ် ဓါတ်အားလုပ်ငန်း ဝဘ်ဆိုဒ်တွင် တရားဝင် ကြေ ငြာထားကြောင်း သိရှိ၇ပါသည်။


၅။ ယနေ့ ငွေကြေးပေါက်ဈေးများကတော့ မြန်မာကျပ်ငွေ ၁ ကျပ်= အမေရီကန် ၁၂၀၃ ဒေါ်လာ၊ စတာလင်ပေါင်၉၀၆ပေါင်၊ တရုတ်ယွမ်=၅၃၈ယွမ်၊ ဂျပန်ယမ်း=၁၀၀၁.၈ယမ်း၊ အိန္ဒိယ ယူပီး ၁၁၃၇ယူပီး၊…..
ရွှေတစ်ကျပ် သား=မြန်မာကျပ်ငွေ ၁၂၉ကျပ်
ပလက်တီနမ် တစ်ကျပ်သား=မြန်မာကျပ်ငွေ ၅၀၇.၁၇ကျပ်

( အခုတလော ကျတော် စိတ်ညစ်နေလို့ (ကျတော့်ကို စိတ်ညစ်အောင် လုပ်တာဘယ်ချစ်ချစ်လဲ…) ဘာမှရေးချင်စိတ်မရှိဘူး။ ရေးတော့လဲ အခုလို ပေါက်တက်ကရလေးတွေပဲ ရေးမိတာပါ)

Saturday, June 6, 2009

သင်ကောင်းလျှင် ကျွန်ုပ် မဆိုးပါ

(အမှတ်တရပေါ့ဗျာ)


ဒီစကားပုံလေး ပုလုကွေး ရင်ထဲကို ရောက်နေတာ တော်တော်ကြာပေါ့။ စကားပုံလေးကို အစဉ်အတိုင်း ဖတ်ကြည့်စဉ်းစားမိရင်တော့ တကယ်ကောင်းပါတယ်။ သင်ကောင်းနေမှတော့ ကျွန်ုပ်ဆိုးလို့ ဘယ်ဖြစ်မလဲ။ ကိုယ်ဆိုးရင် ကိုယ်ပဲ လူမိုက်ကြီး မသိတက်သူကြီး ဖြစ်ပေတော့မပေါ့။ အဲဒီတော့ ပုလုကွေးတို့တွေ တစ်ပါးသူ ကောင်းနေသမျှတော့ ကောင်းနေမယ်ပေါ့။


စကားပုံလေးကို ပြောင်းပြန်ပြန်စဉ်းစားကြည့်မိတယ်လေ။ သူမကောင်းရင် ကျွန်ုပ်ဆိုးမယ်ပေါ့နော်။ ဟုတ်တယ်ဟုတ်။ သူများမကောင်းတိုင်း ကိုယ်ဆိုးသင့်ပါသလား။ မသိတက်ပဲနေသင့်ပါသလား။ အဲဒီလိုသာ ဆိုရင် လောကကြီး ဘယ်ကောင်းတော့မလဲနော်။ လောကကြီးမပြောပါနဲ့ ကိုယ်ပတ်ဝန်းကျင်တောင် လှပတော့ပါ့မလားမသိ။


တစ်ချို့တွေက တကယ်မသိတတ်တာလား။ နားမလည်တာလားမသိ။ သူများဆီက သာလိုချင် တက်ကြတယ်လေ။ ကိုကပေးဖို့ကျတော့ ဝန်လေးတက်ကြတယ်။ သူများအပေါ် မကောင်းနိုင်ရင်တောင်မှ မဆိုးတော့ မဆိုးသင့်ပါဘူးလေ။ လူဆိုတဲ့ သတ္တဝါဟာ အတ္တကိုေ၇ှ့တန်းတင်တာ မှန်ပေမဲ့ အဲဒီအတ္တတွေ သိပ်များလာတဲ့ အခါ ကိုယ့်အတ္တက ကိုယ့်ကို ပြန်ဝါးမျိုပီး ဇာတ်သိမ်းမလှတက်ကြပါဘူးလေ။


ပုလုကွေးရဲ့ ခံယူချက်ကတော့ ကိုယ်ကတော့ ဘယ်သူကိုမဆို ကိုယ်တက်နိုင်သလောက် လုပ်ပေးဖို့ ဝန်မလေးတက်ပါဘူး။ သူဟာ ကိုယ်အပေါ်မကောင်းမှန်း သိတယ်။ တစ်ခါတလေ တော့လဲ အော်သူငါ့အပေါ်မကောင်းတာပဲ သူ့ကို ဘာလုပ်ပေးစရာလိုလဲ လို့တွေးမိတယ်။ ဒါပေမဲ့ သူမကောင်းတိုင်းသာ ကိုယ်ဆိုးရရင် ပုလုကွေးတို့ အဆိုးတွေနဲ့ ကြုံရပေတော့မပေါ့။ ဒါကြောင့် သူကောင်းမကောင်း သူ့ဟာသူပဲ။ ကိုယ်ကတော့ အာလုံးအပေါ်ကောင်းနိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ကို အမြဲမွေးမြူဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အားလုံးလဲ သူမကောင်းပေမဲ့ ကိုယ်က သူ့အပေါ်ကောင်းနိုင်အောင် ကြိုးစားနိုင်ကြပါစေလို့….


(ဒီပို့်စ်လေးကို ရေးပီတာ ကြာလှပေါ့။ တစ်လတောင်ကျော်ပီ။ ဘာပုံလေးတင်ရင်ကောင်းမလဲလို့ စဉ်းစားနေတာ မနေ့က သောကြာနေ့ 5.6.09 ညနေ ၇ခွဲ စလုံးအချိန်ကို ရှဲဂျူးလုပ်ပီးတင်ထားတာ ဘာမှားသွားတယ်မသိ..ပို့စ်က မတက်ဘူး။ ညဘက်ကလဲ အွန်လိုင်းမတက်ဖြစ်ဘူး။ မနက် ရောက်မှ စစ်ကြည့်တော့ ပို့စ်လဲမတက်ဘူး ဆီပုံးထဲမှာလဲ ဘယ်သူမှန်းမသိ လာဆဲသွားတော့ အမှတ်တရအနေနဲ့ ကတ်ချာဆွဲပီး တင်လိုက်ပါတယ်ဗျာ။ ဘာပဲပြောပြော ပိုစ့်လေးအတွက် ပုံလေးတစ်ပုံရတယ် :) :) မဂွတ်ဘူးလားနော်)
------------
ပုလုကွေး
------------

Tuesday, June 2, 2009

နောင် အနှစ် ၂၀

မမဝါဝါ တက်စ်ထားတဲ့ ဒီတက်စ်ပို့စ်လေးကို ကျတော်ရေးဖို့ တော်တော် အားယူရတယ်။ တက်စ်ပိုစ်ဆို တော်တော်များများ ကျတော်ရေးပါတယ်။ မရေးတာဆိုလို့ ညီငယ်တောင်ပေါ်သား (အခုတော့လဲ တောင်ပေါ်သားမဟုတ်တော့ဘူးရယ်လို့ ဂျီတော့မှာအော်ထားသဗျ) တက်စ်တဲ့ အချစ်အကြောင်းတက်စ်ပို့ တစ်ခုပဲ ရှိမယ်ထင်ပါတယ်။ အဲဒီတုန်းက ကျတော့ ဟတ်အခြေအနေမကောင်းလို့ မရေးတာပါ။ ချစ်လို့ ခင်လို့ တက်စ်တာကို ရေးပါတယ်ဗျာ။
.
နောင်အနှစ် ၂၀ ကျတော် ဘာဖြစ်မလဲ။ ကျတော်ကိုယ်တိုင် မတွေးချင်ဘူး။ ဘာလို့ဆို အနာဂတ်ဆိုတာ ကြိုမမြင်ရလို့ပါ။ ကျတော်ကတော့ ကျတော့ road map ကို ရေတို ၁နှစ် ၂နှစ်လောက်ပဲချလေ့ရှိတယ်။

နောင်အနှစ် ၂၀…
Option 1
ကျတော်ဖွင့်ချင်တဲ့ (သူမဝါသနာပါတဲ့) ဆော့ဝဲလ်ဆိုင်၊ကွန်ပျူတာဆိုင်လေး တစ်ခု ဖွင့်ဖြစ်မယ်ထင်တယ်။ သူမက electrical နဲ့ကျောင်းပီတာလေ။ ကျတော်က စက်မှုနဲ့ပီးတာဆိုပေမဲ့ ဒီလိုင်းမှာ သူမနဲ့ကျတော် ဝါသနာချင်းတူတယ်။ m81 multimedia ဆိုတဲ့ နာမည်နဲ့ ဖြစ်မယ်ထင်ပါတယ်။ ရန်ကုန် ဒါမှမဟုတ် နေပြည်တော် ဒါမှမဟုတ် ပဲခူးမှာပေါ့။ သုံးခုလုံးမှာလဲ ဆိုင်ခွဲလေးတွေ ဖွင့်ဖြစ်ချင်ဖြစ်မှာပေါ့။

Option 2
ပါကြီး(ကျတော့်ဖေဖေ) ရဲ့ လက်ရှိအလုပ်ဖြစ်တဲ့ ကားလုပ်ငန်းကို ဆက်ဦးစီးဖြစ်မလားမသိ။ “အမေ့သား” ဆိုတဲ့ ကုန်တင်ကားတွေ ရန်ကုန်-မန်းလေး အဝေးပြေးလမ်းတစ်လျှောက် မြင်ရအုံးမလားမသိ။ ကျတော်က စက်မှု အင်ဂျင်နီယာတစ်ယောက်ပေမဲ့ ရဲအရာရှိဟောင်း ဖေဖေလောက် ကားတွေ၊ ဒရိုင်ဘာတွေ၊ စပယ်ယာတွေ ကို အုပ်ချုပ်နိုင်ပါ့မလားမသိ။ ပါးကြီးက ကျတော့ထက် ကားအကြောင်းကို ခေ၇စေ့တွင်းကျသိတယ်လေ။ ပါးကြီးဆီကနေ သင်ယူရမှာပါပဲ။

Option 3
ဒါမှမဟုတ် အားလုံးကို အဆက်ဖြတ်ပီး ဘုန်းကြီး ပဲဖြစ်နေမလားမသိ။ ပဲခူးအောင်သုခ ဆရာတော် ဘုရားကြီး ဥူးစန္ဒိမ ရဲ့ အဆုံးအမတွေကို ခံယူပီး တရားတွေပဲ အားထုတ်ဖြစ်နေမလားမသိပါ။

Option တွေလဲသုံးခုတောင်ရှိပီ။..တော်လောက်ပါပီ နောင် အနှစ် ၂၀ရယ် ရင်မောတယ်ကွယ်။

Thursday, May 28, 2009

နစ်နိမ်း

“သားကြီး ..” ......“ဗျာ”
“သားကြီး...”......“ဗျာာာာ”
“သားကြီး...ကြီး ...” “ခင်ဗျား....ညာ ညာ”
.

နောက်ဆုံးတော့ ကျတော် မျက်နှာချိုလေးနဲ့ ခင်ဗျာ လို့ ထူးလိုက်ရတယ်ခင်ဗျ။ မထူးလို့လဲ မရဘူးလေ။ ကျောင်းဆရာမ မာမီက ဘယ်လောက်လက်သံပြောင်တယ် ဆိုတာ ကျတော်တို့ အသိဆုံး။ အိမ်မှာ ကျတော် က အလတ်ပါ။ ကျတော့ထက် အကြီး ဘယ်သူက ခေါ်ခေါ် “ခင်ဗျား”လို့ထူးရတယ်ခင်ဗျ။ မထူးလို့ကတော့ နာပီသာမှတ်။ “သားကြီး” ဆိုတာကတော့ ကျတော့ ပါးပါး၊မားမား၊ မကြီးနဲ့ ရင်နှီးသူ တော်တော်များများ ခေါ်တဲ့နာမည်ပါ။
.
မာမီကတော့ ကျတော့ကို တက္ကသိုလ် မတက်ခင်အထိ “သားကြီး”လို့ခေါ်တယ်ခင်ဗျာ။ နောက်ပိုင်းတော့ “ဦးတော်တော်”လို့ပြောင်းခေါ်တယ်။ ဘာလို့လဲဆို ကျောက်တော်ကြီး ဘုရားရဲ့ ကျောက်တုံးတော် ဒါယကာ “ဦးတော်တော်”ရဲ့နာမည်ကို သဘောကျလို့နဲ့တူတယ်။
.
နောက်ပိုင်းကျတော့ ကျတော့ ကို “ဦးလေး”တဲ့။ ဘာလို့ဆို ကျတော်က မာမီကို ဆရာလုပ်လွန်းလို့။ အိမ်မှာနေလဲ အမြဲတမ်း ဆရာလုပ် ပူပန်နေတယ်။ ရန်ကုန်မှာနေတုန်းကလည်း ဖုန်းတစ်လုံးနဲ့ ဆေးသောက်ချိန်ဆို မာမီ ဆေးသောက်ပီးပီလား။ ရေချိုးချိန် ဆိုရင်လဲ ရေမချိုးပဲနဲ့ ထမိန်ရင်လျားကြီးနဲ့ ခြံက အပင်တွေကို ပြုစုနေမှာ၊ ခေါင်းလျှော်တာ ကြာမှာကအစ၊ ကိုယ်ဖာသာ ကိုယ် ခေါင်းငုံ့ပီး ခြေသည်းဆိုး နေမှာအဆုံး အမြဲတမ်း စိတ်ပူပီး မေးနေတော့ မာမီက သူ့ကို ဆရာလုပ်တယ်ဆိုပီး ကျတော့ကို ဦးလေးလို့ ခေါ်တယ်။ အခုထိလဲ တစ်ခါတလေ ဖုန်းထဲကနေ “ဦးလေးလို့” ခေါ်တုန်းပဲဗျ။
.
နောက် ကျတော့သယ်ရင်းတစ်ချို့က ကျတော့နာမည် အရင်းရဲ့နောက်ဆုံးစလုံး (မျိုးရိုးနာမည်)ကို ခေါ်တယ်။ “ဖြူ”
“ဖြူလေး”
“ဖြူမ”
“မိဖြူ”
လို့ခေါ်တယ်။ ကျတော်တို့မောင်နှသုံးယောက် စလုံးရဲ့ နာမည်တွေက ဖြူ နဲ့ဆုံးတယ်လေ။ အငယ်ဆုံးညီလေးကို သာ ဖြူလို့ မခေါ်တာ။ ကျတော်နဲ့ မကြီး နဲ့ကို သယ်ရင်းတွေ က ဖြူလို့ခေါ်တယ်။ ဒါကြောင့် အိမ်ကို ဖုန်းလာရင် “ဖြူ”နဲ့စကားပြောချင်လို့ဆိုရင် အိမ်က လူတွေက ဘယ်ဖြူနဲ့ပြောမှာလဲလို့မေးရတယ်။
.
နောက် ဘလော့လုပ်တော့ အများစုက ပုလုကွေးလို့ ခေါ်ပါတယ်။ တစ်ချို့ကတော့ ပုလု တဲ့။ ပုလုလေး တဲ့။ ကွတ်ကြီးဆိုတာတော့ ခေါ်တာနဲပါတယ်။ မခေါ်ရဲလို့နဲ့တူပါတယ်။ (ကွတ်ကြီး အကြောင်းမသိသေးရင် ဒီမှာဖတ်ပါနော်)။ အသက်လို့ ကျတော်ခေါ်တဲ့ သက်ပိုင်သူကတော့ ကိုကိုဂွေးတဲ့ဗျ။ ဟား ဟား။ နောက် လူသိပ်မသိတဲ့နာမည်တစ်ခု။ အဲဒါကတော့ တစ်ချို့ပဲသိပါတယ်လေ။
.
အချစ်ဆုံးသူမ (သယ်ရင်းနော် တလွဲမတွေးပါနဲ့) ကတော့ ကျတော့ နာမည်အရင်းကို သာခေါ်တယ်။ ဘယ်လိုမှ ရင်ခုန်စရာ မကောင်းဘူး။ ပြောတော့လဲ “နင်” နဲ့ “ငါ”။ ကျတော်ကလဲ သူမကို သူမ နာမည်အရင်းသာ ခေါ်ပါတယ်။ ဘာဘာညာညာတွေ ခေါ်ပါဘူး။
.
ကဲ ဘာနာမည်ကျန်သေးလဲ။ မကျန်တော့ သလောက်ပါပဲ။ ကဲ အသက်ရေ ကျေနပ်တော့နော်။ အခု အလုပ်ထဲကနေ ပို့စ်ရေးနေတာ။ မန်နေဂျာ ခိုင်းထားတဲ့ အလုပ် မပြီးလို့ အလုပ်ဖြူတ်လိုက်ရင် အသက်ပဲ ခေါ်ကျွေးထားရမယ်..ဟဲဟဲ။ ဘယ်သူ့ကို မှလဲ လက်မလွှဲတော့ဘူး ။ အာလုံးလဲ ကုန်သလောက်ရှိပီ။

Monday, May 25, 2009

နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ???

(photo: by google, ပုံထဲက အိတ်တွေက ပိန်နေတယ် ကျတော့တုန်းက ဖားပြုပ်တွေလို ဖောင်းကားနေ၏)
နိုင်ငံခြားပြန်တစ်ယောက်ရဲ့ ငြီးချင်းလား ကြွားချင်းလားမသိ????


နိုင်ငံခြားပြန်လို့ ဆိုနိုင်မလား။ စင်္ကာပူဆိုတာ အခုချိန်မှာတော့ မြန်မာနိုင်ငံသားတွေ အတွက်တော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုပါပဲ။ သွားလိုက် လာလိုက်နဲ့ ။ (တစ်နှစ်တစ်ခါ ခွင့်ပြန်တာ အမိမြေချစ်တဲ့ သားတို့မီးတို့…ရန်ကုန်လေဆိပ်ကြီး စည်ကားနေ သူတောင်းစားတွေ ဒုနဲ့ဒေး….အော်မှားကုန်ပါပီး စွယ်တော်ရိပ် သံချပ်တွေနဲ့)

စလုံးရောက်စ ပုလုကွေးရဲ့ နေ့ရက်တွေ ဟာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်ဆိုမလားပဲ။ ယောင်္ကျားလေးတန်မဲ့ မျက်ရည်ကျသလားဆိုတော့ ဟုတ်ကဲ့ ကျပါတယ်..မားမား၊ ပါးပါးကို လွမ်းတာကိုး..အိမ်နဲ့လဲ အကြာကြီးမှမခွဲဘူးတာ။ ဖုန်းပြောပီး ငိုငိုခဲ့တာက ၂ ကြိမ်လား မသိ။ ပီးတော့ အလုပ်မလုပ်ဘူးတော့ အလုပ်ရဲ့ ပရက်ရှာတွေလေ။ နောက်ပိုင်းတော့လဲ နေသားကျသွားတာပေါ့လေ။

ပုလုကွေး အတွက်တော့ ကံကောင်းတာက စလုံးရောက်စမှာ နေစရာအိမ်အတွက်မပူရ၊ အခန်းခလဲမပေးရ။ အားလုံးကို အချစ်ဆုံးသယ်ရင်းက စီစဉ်ပေးထားတယ်လေ။ ပီးတော့ စလုံးက ယာဉ်တွေ စီးဖို့အတွက် Ez link ကဒ်က အစ၊ ဖုန်းကဒ်အဆုံး သူပဲစီစဉ်ပေးထားတာ။ ဘယ်သူလဲသိလား၊ တစ်အိမ်ထဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် သယ်ရင်းကြီးပေါ့။

ပုလုကွေး စလုံးလာ အလုပ်လုပ်မယ်ဆိုတော့ တစ်ချို့သောသယ်ရင်းတွေက အံသြကြတယ်။ ဘာရူးတာလဲပေါ့။ မိဘအလုပ်ကို မလုပ်ပဲ ဘာလို့များ သူများအလုပ်ကို လုပ်ချင်ရတာလဲပေါ့။ ပုလုကွေးမိဘတွေကလဲ သဘောတူတယ် လာဖို့ကိုလေ။ အိမ်က အဓိက စီးပွားရေလုပ်ငန်းကို ပါးကြီးက ဦးစီးနိုင်သေးတယ်။ ပုလုကွေးကလဲ အိမ်က အလုပ်ကို သိပ်စိတ်မဝင်စားပါဘူး။ ဒါနဲ့ပဲ စလုံးမှာ အောက်အီးသီးခံပီးနေခဲ့ရတာပေါ့။

ဒီလိုနဲ့ စလုံးရောက် ပီး ၁၁လနဲ့ ခုနစ်ရက်မှာ ပြည်တော်ပြန်ခဲ့တယ်။ ပြည်တော်ပြန်တို့ရဲ့ထုံးစအတိုင်း ပထမဆုံးဆက်ကြေးပေး ..အဲမှားလို့ အခွန်ဆောင်ရတာပေါ့။ အခွန်ဆောင်ရတာက spass သမားတွေထုံးစံ ၈၀ ဆိုပေမဲ့ ၆၀လောက် ၇၀လောက်ရလဲ နဲလားဆိုပီး အန်တီဖက်တီးကြီးကို ငိုပြရတာပေါ့။ နောက်ဆုံးတော့ ၇၀နဲ့ဈေးတည့်သွားတာပေါ့လေ။

ကဲဝယ်ဖို့ချမ်းဖို့ကိစ္စ။ လူတကာက နိုင်ငံဂျားပြန်ဆိုရင် အထင်ကြီးပီး ဟိုလက်ဆောင် ဒီလက်ဆောင်မျှော်တက်ကြတာ ထုံးစံရယ်။ ပုလုကွေးလည်း ဝယ်ဖို့ ချမ်းဖို့ ပြင်ရတာအမောရယ်။ ပါးပါးမားမား ဖို့က တစ်မျိုး။ တစ်ဦးတည်းသော အမအတွက်ကတစ်မျိုး။ နောက် အိမ်နီးချင်းတွေ ဆွေမျိုးမကင်းတွေ အတွက်က တစ်ဖုံဝယ်ရတာ ဖတ်ဖတ်ကိုမောနေတာပဲ။ ကို့ပိုက်ပိုက်နဲ့လဲ ကိုယ်ချိန်နေရသေးတာကိုး…။

မားမားကြိုက်တဲ့ ပင်နဆိုးနစ် ထမင်းပေါင်းအိုးရှာ၇တာက တစ်ဒုက္ခ။ ပီးတော့ ဂျပန် ခွက်ကလေးတွေ အစုံဝယ်ရတာကတစ်မျိုး။ မားမားနဲ့ မကြီးအတွက် လက်ကိုင်အိတ် ဝယ်ရတာကတစ်ဖုံ။ ယောင်္ကျားလေးတန်မဲ့ ဗိုက်ဖုံးအင်္ကျီ ရှာရတာက လဲ တစ်ဒုက်ခရယ်။ စလုံးမတွေ ဝတ်တဲ့ အင်္ကျီ ရှည်ရှည်ကို မကြီးက ဗိုက်ဖုံးအင်္ကျီပုံစံမျိုး ဝတ်ချင်သပ ဆိုလို့ Esprit သွားပီး မျက်နှာပူပူနဲ့ ဝင်မွှေရတာတဲ့ အကြိမ်လဲမနည်းဖူးဗျ။(စိတ်မကောင်းစရာက ကျတော့တူလေးလား တူမလေးလားမသိတဲ့ သူကလေးဟာ လူ့လောကထဲကို ရောက်ရှိမလာခဲ့ဖူး)

နောက်ပီး မာမီအတွက် ခြံပုဝါလေးတွေ ဝယ်ရတာကလည်း မသေးဘူးခင်ဗျ။ (ဒါတောင်မားမားက အနီရောင်နဲ့ အညိုရောင်မပါသေးဘူးတဲ့ …ခုနှစ်ထည်လောက်ကို သူတစ်ဦးထဲ မောင်ပိုင်စီး သွားတယ်လေ..) ကျတော့ဆရာမအတွက်တောင် တစ်ထည် မနည်းပြောယူထားရတာ…ဟိဟိ သိရင်စိတ်ဆိုးမှာ…)။


နောက်ပီး အိမ်က ဒရိုင်ဘာတွေ စပယ်ယာတွေ အတွက်။ ဘာဝယ်၇မလဲ.ဈေးလဲသက်သက်သာနဲ့ နောက်ဆုံးတော့ ဘလန်နို ရှပ်တွေကို ၁၀ထည်လောက်ဆွဲသွားရတယ်ခင်ဗျား။ ဒါတောင် မရတဲ့သူက သားကြီး ဘယ်မှာလဲ လက်ဆောင်ဆိုတော့ ဟီး ဟီး ဆိုပီး သွားဖြဲပြ၇တယ်။ စလုံးက လူရဲ့ဒုက်ခ ကို သူတို့မသိဘူး။

နောက်ဆွေမျိုးမကင်းတစ်ကင်းတွေ အတွက် ရေမွှေး..မူစတာဖာသွားပီး revelon ရေမွှေး ၁၅ ပုလင်းလောက်ကိုလဲ ထိုးသိပ်ခဲ့ရသေးသဗျ။

အိမ်က ခိုင်းတဲ့ကောင်မလေးတွေ ကောင်လေးတွေ အတွက်ကတော့ လက်ပတ်နာရီတစ်လုံးစီ ကို မြန်မာပြည်က မာမီကို ကြိုတင်အချိန်းအချက်လုပ်ပီး ဝယ်ခိုင်းထားရတယ်။ စလုံးမှာက ဈေးကြီးတယ်လေ။ ဟိုရောက်တော့ စလုံးက ဝယ်လာသလိုလိုနဲ့ ညာတာပါတေးပေါ။ အဲဒါကလဲ တစ်ဒုက္ခ။

နောက်ပီး ကျတော့တို့ ငယ်ငယ်ကတည်း အိမ်မှာ အမြဲလာကူပေးနေတဲ့ ဒရိုင်ဘာမိန်းမအတွက်၊ သူ့ သားနဲ့သမီးအတွက် အင်္ကျီ ..ဒါကိုလဲမာမီကို ပဲ အပူကပ်ပီး တိုးတိုးတိတ်တိတ် မြန်မာပြည်က ပဲကြိုဝယ်ခိုင်းထား၇သေးသဗျ။ သူတို့အတွက်ကလဲ မပါလို့ မဖြစ်ဘူးလေ။ သူတို့က ကျတော်ပြန်လာပီဆို သီမ်းစရာတွေ ဘာတွေကို ဒိုင်ခံသိမ်းပေး၊ စားစရာတွေကို ဒိုင်ခံကြော်လှော်ပေးနေကျ။ အိမ်က အောက်ခြေသိမ်းကို သူတို့ပဲလုပ်ပေးနေတာ။ ပဲခူးစိန်ဟင်းက ပစ္စည်းတွေ ဟာ စလုံးဖြစ် ဖြစ်လိုဖြစ်ပေါ့ဗျာ။

အော်ပြောဖို့မေ့နေတာ။ အချစ်ဆုံးသူမ(သယ်ရင်းနော် တလွဲမတွေကြနဲ့) အတွက် လက်ဆောင်။ သူမဖို့ ရေမွှေး ကောင်းကောင်းလေးရယ်။ ကျတော်ကော သူမကော ကြိုက်တဲ့ အစိမ်းရောင်..ပိုက်ဆံအိတ်..နောက်ပိး နောက်ပိး…သူမအတွက် လက်ဆောင်တွေပေါ့။ ဒါကတော့ ဒုက္ခမဟုတ်…သုခဗျ (ဘယ်သူလဲဆိုတာ မပြောနဲ့နော် တက်ထားတဲ့ မမရေ)။

သယ်ရင်းအထီးတွေအတွက် esprit၊ G2000, girodano နဲ့ hang ten အမျိုးမျိုးပေါ့။ သယ်ရင်းမတွေ အတွက် ပိုက်ဆံအိတ် အသေးလေးတွေ။
နောက် မချစ် တချစ်တွေ အတွက်ကော လက်ဆောင်တွေပေါ့။ ဘယ်သူတွေလဲ မမေးနဲ့ ပြောဘူး အသေသတ်။

ကဲဝယ်စရာတွေ ဝယ်တာစုံတော့ ပြည်တော်ပြန်ဖို့လေဆိပ်ကို ဆင်းပေါ့။ baggage က အသေးတစ်လုံး အကြီးတစ်လုံး။ ကျောပိုးအိတ်ရယ်၊ လက်ကဆွဲတာ တစ်ထုတ်ပေါ့။ ဟီး ဟီး ။ baggage အကြီး က ကီလို ၃၀ ကွတ်တိ။ အသေးက ၁၀ကီလိုကျော်နေတော့ ဆောင်ပေအုံးတော့ ဒေါ်လာ ၂၀ ။ ပလုံ ပလုံ။ လေဆိပ်ဆင်းတာက တစ်ယောက်ထဲ။ သောကြာနေဆိုတော့ ဘယ်သူမှမလိုက်ပို့နိုင်။ တစ်ယောက်ထဲ ဒုက်ခတွေနဲ့ပေါ့။ gate pass ဖြတ်တော့ အခုပဲထည့်ထားလိုက်တဲ့ လက်မှတ် ဘယ်ရောက်သွားလဲ။ ရှာပေအုံးတော့ တစ်ယောက်ထဲ။ လူက ထူပီး ဘာမှမမြင်တော့ဘူး။ နောက်မှတွေတော့ အထဲဝင်။

မြန်မာပြည်ဝင်တော့ လက်ကျန်ခြင်္သေ့ ၃ကောင်ညှပ်ပေးတာတောင် သူများတွေက စလုံးပေးတယ်တဲ့။ ညီက ခြင်္သေ့တွေတဲ့ အစ်ကိုတို့ ကို စေတနာမရှိဘူးလားတဲ့။ ပုလုကွေး ဘီလိုပြောရမလဲဟင်။ အိတ်ထဲမှာ ကျန်တာဆိုလို့ စလုံးငွေ ၃၀ကျော် ၄၀နီးပါးရယ်။ ဘီလိုမှ မပြောတော့ပဲ မကြားချင်ယောင်ဆောင်နေလိုက်တယ်။ ဘဏ်ကဒ်ထဲမှာကလည်း သယ်ရင်းကြီး ဆီက ချေးလာတဲ့ စလုံး ၅၀၀မှာ ၂၀၀ကျော်ကျန်တာရယ်။

ဒီလိုနဲ့ Baggage ကိုရွေး။ အကောက်အခွန်ကို ဖြတ်။ မားမားရဲ့ ကြိုဆို အနမ်းတွေကိုခံယူရင်း အမိမြေကို နိုင်ငံဂျားပြန်တစ်ယောက် ခြေချခဲ့တယ်။ အမိမြေမှာ သုံးစရာဆိုလို့ ခြူးတစ်ပြားမှ မရှိ။ ဒီတော့လဲ ပါးကြီးဆီက ပေးတဲ့ မုန်းဖိုး ၂သိန်းခွဲ။ မားမီပေးတဲ့ ၁သိန်းခွဲ၊ မကြီးပေးတဲ့ မုန့်ဖိုး ၁သိန်းနဲ့ သယ်ရင်းတွေကို ဟိုဟာဝယ်ကျွေး၊ ဒီမှာဧည့်ခံ သုံးဖြုန်းခဲ့ရတာပေါ့။ ကျတော် လစဉ်လွှဲထားတဲ့ ပိုက်ပိုက်ကတော့ အလျော့ခံလို့ ဖြစ်မလားဗျ။ မိန်းမယူဖို့ စုထားတာ၊ တိုးပွားအောင် အတိုးပေးထားတာကိုး ..ဟိဟိ။(နောက်တာနော် အတည်ပြောတာ)

(ငြီးချင်းကလဲ အကြွားပို့စ် ဖြစ်သွားရင်လဲ ခံရုံမှတစ်ပါးအခြားမရှိ။ ကျတော့ မှာ ငြီးစရာဆိုလို့ ဒါပဲရှိတာ။ အရင်းနှီးဆုံးသယ်ရင်းတွေပြောပြောနေတဲ့ ဟန်းဖုန်း ခုနှစ်လုံး၊ ဆယ်ဘီးကားလေးစီးကလဲ ကျတော်ပိုင်တာမဟုတ်ပါကြောင်း(ဆိုင်သာဆိုင် မပိုင်ပါ)။ ပို့စ်ဖက်ပီး သိပ်အထင်မကြီးပါနဲ့ခင်ဗျား ပုလုကွေးတို့အိမ်ကရန်ကုန်ကနေ မိုင်၆၀ သုံးဖာလုံတိတိ မှာရှိ့ပီး ရွာမှာနေတဲ့ ရွာသားတစ်ယောက်ပါ)
မမဝါဝါ ရဲ့ တက်စ်ပို့စ်လေးကို အဆုံးသတ်ရင်း ဆက်တက်မှာက တက်စ်ပို့ဆို ရေးလေ့မရှိတဲ့ တောင်ငူသား၊ နောက်ပီး ကျတော့ကို နာမည်ဖျတ်ပီး ကိုကိုးဂွေးလို့ခေါ်တဲ့ အသက်လေး ။ နှစ်ကျောင်းအတူဆင်း သယ်ရင်းကြီး july…ဒါဆိုတော်လောက်ပါပီထင်ပါတယ်)

Tuesday, May 19, 2009

ဘာစားမလဲ ...ရှမ်းစာ စားမလား...

phyu22: ဟေ စနေနေ့က ဘယ်သွားနေလဲ

puluque: အွန် ..ဘယ်မှမသွားပါဘူး၊ ရုံးကိုလေ။

phyu22: ဟုတ်လို့လား။

puluque:ဟုတ်ပါတယ် ဘာလို့လဲ

phyu22: စီတီးဟော မှာတွေ့တယ်နော်

puluque: အွန်..ဘယ်အချိန်လဲ။

phyu22: ပြောဖူး သတ်..ဘာသွားလုပ်တာလဲ

puluque: ဘယ်အချိန်လဲ ပြောမှ အမှန်ပြောလို့ရမှာ ၂ခါတောင်လေ။ နေလည် ၃ နာရီ ရုံးကဆင်းပီး မန်းမန်းသွားစားတာ။ ညနေက ညီတစ်ယောက်နဲ့ ခနသွားတာ။

phyu22: မန်းမန်းက ဘယ်မှာစား…

puluque: လွိုင်နိုင်းမှာ

phyu22: လွိုင်နိုင်း ?

puluque: သိဘူးလား ဆိုင်အသစ်လေ ဖွင့်တာတောင် နည်းနည်းကြာပီး ရှမ်း အစားအစားတွေရတယ်

phyu22: သိသေးဘူး..ဘယ်နားမှာလဲ

puluque: Rolex နာရီဆိုင်မျက်စောင်းထိုးမှာ၊ မြေညီထပ်မှာပဲ…ပုံပို့လိုက်မယ် ကြည့် ရိုက်ခဲ့တာ



phyu22: ဘာအစား အစာတွေရလဲ ကောင်းလား

puluque: ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး..ကောင်းတယ် ရှယ်ပဲ နောက်ပီး ရှမ်းထမင်းချဉ်…စားချင်သွားအောင် ပုံပါ ပြမယ်


phyu22:မိုက်တယ်နော်…

puluque:ရက်စ်..နောက်ပီး ငါးပေါင်း…စားမလား..ရော့



phyu22: သွားရည်တောင်ကျလာပီ


puluque: နောက်နေ့သွားစားပေါ့


phyu22:အင်း


puluque:ဆိုင် အတွင်းပိုင်း အပြင်အဆင်ကလဲ မိုက်တယ်နော် သွားကြည့်လိုက်


phyu22: ဟုတ်လား


puluque: ဟုတ်တယ် နာမည်ကြီး အာခီတက်ချာ ကိုယ်တိုင် ပြင်ဆင်ထားတယ်ဆိုပဲဗျ..


phyu22: ဟုတ်လား စိတ်တောင်ဝင်စားသွားပီ


puluque:နောက်ရှိသေးတယ် ..စားဖို့ ဝက်သားချဉ်တဲ့ ။ စားဖူးလား။


phyu22:နိုး။


puluque:မစားဖူး၇င် ပုံအရင်ကြည့် ရိုက်ခဲ့တာ…


phyu22: ဂွတ်တယ်နော်။။


puluque:ဟုတ်တယ်


phyu22:နင် ရိုက်ခဲ့တာတွေက နင်စားခဲ့တာတွေပေါ့


puluque: အင်းပေါ့


phyu22: အကုန်စားခဲ့တယ်..?


puluque: ဒီလိုပဲပေါ့ ဟ ဟ။သွားစားကြည့်လိုက်နော်


phyu22: အင်းပါ ဒီပိတ်ရက် သွားမယ်……


puluque: အိုကေပါ …c u..

(ရှမ်းခေါက်ဆွဲ . တို့ဖူးနွေး နဲ့ ဝက်ခေါင်းသုပ်ပုံတွေကိုတော့ တင်ပေးတော့ဘူးနော်.. ..)

Friday, May 15, 2009

အချစ်ပန်း သုံးပွင့်




ပထမ အချစ်မှာ
ကျဆုံးတော့
ဒုတိယ အချစ်မှာ
နံလံထူဖို့ ကြိုးစားခဲ့တယ်။

နလံထူဖို့ ကြိုးစားနေဆဲ
ခြေထိုးခံတဲ့ သူကြောင့်
ဒုတိယ အချစ်မှာ
ငါဟာ ပြိုလဲခဲ့တယ်။

ပြိုလဲခဲ့တဲ့ ငါအချစ်နံရံကို
ထူမတ်နိုင်ဖို့ တတိယ အချစ်ကို
လက်တွဲဖို့ ကြိုးစားခဲ့တယ်..

ကမ်းလင့်ဖို့ ကြိုးစားနေတဲ့
ငါ့လက်တွေဟာ လမ်းတစ်ဝက်မှာပျောက်ဆုံးခဲ့တယ်
သူ့ရဲ့လက်ဟာ တစ်ပါးသူနဲ့
ယှဉ်တွဲခဲ့တာ အချိန်သုံးနှစ်
ကြာမြင့်ပီတဲ့။

အိုမေမေ…
သားဘာဆက်လုပ်ရမလဲ
အချစ်ဆိုတာ သကြားအုပ်ထားတဲ့
ဗီတာမင်ဆေးလိုပါပဲလား
အပြင်းပန်းက ချိုသာပေမဲ့
တကယ်တမ်းတော့ ခါးသက်လွန်းလှတယ်လေ၊
အိုမေမေ
ကျတော်လေ တစ်ကိုယ်ထဲ
ရွက်လွှင့်ဆဲပေါ့….။

(ဆယ်နှစ်ကြာအောင် ပျိုးခဲ့ရတဲ့ ခါးသက်လှတဲ့ အချစ်ပန်းသုံးပွင့်ကို ကဗျာတစ်ပုဒ် အနေနဲ့ သီးကုံးလိုက်ပါတယ်။ အဲ..ဒါဟာ ကဗျာလို့ မဆိုနိုင်ဘူးထင်တယ်နော်။ စာစုလေးတွေပေါ့ဗျာ...)




------------
ပုလုကွေး
------------

Sunday, May 10, 2009

စိတ်အမှိုက်ပုံး (မေမေ့ရဲ့ စကားလက်ဆောင်)

ကျတော် စလုံးရောက်စက စိတ်တော်တော်ညစ်တယ်ဗျ။ အလုပ်မလုပ်ဖူးတဲ့ အတွက်အလုပ်ရဲ့ ဒဏ်၊ နောက်ဘာသာစကား အခတ်အခဲ(သူတို့ စင်းဂလစ် ကို ကိုယ်မှနားမလည်တာ)..အဲဒီလို စိတ်ညစ်ရင် မျက်နှာကြီးကို ဆူပုတ်နေတာပဲ။ စိတ်ညစ်လာရင် မာမီဆီ ဖုန်းဆက်။ ပြောပြပေါ့။
.
မာမီကကျတော့်ကို အမြဲဆုံးမတာက “စိတ်ကို အမှိုက်ပုံးလို မကျင့်နဲ့တဲ” ..ဟုတ်တယ်ဗျ. အမှိုက်ပုံးဆိုရင် လူတွေက အမှိုက်ပဲ လာပြစ်ကြမှာလေ။ ဘယ်သူက အကောင်းလာပြစ်မှာလဲ။ စိတ်ကိုလဲ အမှိုက်ပုံးလို ကျင့်ရင် အမှိုက်တွေပဲ လာရောက်တော့မပေါ့။ အကောင်းတွေ လာရောက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ စိတ်ဟာ ရှုပ်သထက် ရှုပ်သွားပီး နောက်ကျိကာ အတွေးကောင်းတွေ ဝင်လာတော့မှာမဟုတ်တော့ဘူး။
.
အခုနောက်ပိုင်းတော့ ကျတော် စိတ်ကို မညစ်အောင်တက်နိုင်သမျှ ထားတယ်။ ကျတော် စိတ်ရှုပ်လာရင် စိတ်ညစ်စ၇ာ ကြုံလာတဲ့ အခါ ဘာလုပ်သလဲသိလား။ ကျတော် သီချင်းတွေ အော်ဆိုတက်တယ်။ နည်းနည်းစိတ်ညစ်စရာ ကြုံလာတဲ့အခါ သီချင်းတွေ အော်ဆိုလိုက်တယ်။
.
မားမားကတော့ သူလဲတစ်ခါတစ်ခါ စိတ်ရှုပ် စိတ်ညစ်ပါတယ်တဲ့။ မားမား စိတ်ညစ်တဲ့အခါ စိတ်မကြည်တဲ့ အခါ ဘာလုပ်လဲဆိုတော့ ဘုရားစာတွေ၊ ဂုဏ်တော်တွေ၊ ပရိတ်တွေကို အသံထွက်ပီး ရွက်ဖတ်ပါသတဲ့ဗျား….
.
အဲဒီတော့ ခင်ဗျားတို့လည်း စိတ်ကို အမှိုက်ပုံးလို မကျင့်ပဲ နေကြရအောင်လားဗျား။ စိတ်ညစ်တဲ့ အခါ၊ စိတ်ရှုတ်နေတဲ့အခါ ကျတော့်လို သီချင်းဆိုချင်ဆို ဒါမှမဟုတ် မာမီလို့ ဘုရားစာတွေ အသံထွက်ရွက်ပီး စိတ်လေးကို ဖြူစင်အောင် ထားနိုင်ကြပါစေ။
.
(မှတ်ချက်။ စိတ်ကို အမှိုက်ပုံးလို မထားနဲ့ ဆိုတဲ့ စကားလုံးလေးဟာ ဆရာမကြီးဒေါ်ခင်စောတင့် ရေးတဲ့  စာအုပ်လေးထဲက စကားလုံးလေးတွေဖြစ်ပါတယ်)

Tuesday, May 5, 2009

YTU 2004 batch gathering and my May day

ဒီအပတ် ပိတ်ရက် ၃ ရက်ဆက်တိုက်မှာ ပုလုကွေး တစ်ယောက် လုပ်စရာတွေ တော်တော်များခဲ့တယ်လေ။


ကြာသပတေးနေ့က ည ၂ နာရီလောက်မှ အိပ်ပျော်တယ်လေ။ မနက်ဆိုရင် လုပ်စရာတွေ ရှိတာမို့ အိပ်ပေမဲ့လဲ စိတ်ကပူနေလို့ အိပ်မပျော်ဘူး။ အဲဒီမေဒေးလ်နေ့်ဟာ ကျတော့ ပါကြီး (ဖေဖေ)ရဲ့ ၅၉ နှစ်မြောက်မွေးနေလေ။ ပါးပါးအတွက် မွေးနေ့ဆုတောင်းစကားကို မနက်စောစော ပြောဖို့ သတိထားနေမိတယ်။ စလုံးအချိန် ၈နာရီခွဲလောက်(မြန်မာအချိန် ၇နာရီလောက်)ရောက်တော့ ရွာကို ဖုန်းခေါ်ပီး ပါးပါးကို မွေးနေဆုတောင်း လုပ်လိုက်တယ်လေ။ ပါးပါးနဲ့ မားမားကတော့ အိပ်ရာက မထသေးဘူး။ (ဟီး ဟီး ကျတော်တို့ အိမ်က မနက်ဖက်ဆို အိပ်ရာထအမြဲနောက်ကျတယ်)။ ကျတော်ဖုန်းဆက်တော့ ပါးပါးက အိပ်ချင်မူးတူးနဲ့ ဖုန်းကိုင်တယ်။ ကျတော်တို့ မောင်နှမ သုံးယောက်နဲ့ယောက်ဖက ပါးပါး၊ မားမားတို့နဲ့ အဝေးကို ရောက်နေကြတာလေ။ ပါးပါးကို မွေးနေဆုတောင်း စကားပြောပီးတော့ မားမားနဲ့ ဖုန်းဆက်ပြောဖြစ်တယ်။

မားမားနဲ့ ဖုန်းပြောပီးနောက်မှာ မြန်မာပြည်ကို ဖုန်းထပ်ခေါ်ရမယ်လေ။ ကျတော့ အစ်ကိုကြီးတစ်ယောက်လို ခင်တဲ့ သူငယ်ချင်း အစ်ကိုကြီးတို့ရဲ့ သမီးလေး မွေးနေ့ကလဲ ဒီနေ့ မေဒေးနေ့မှာပဲ။ သူတို့ဆီကိုဖုန်းခေါ် စကားနဲနဲပြောလိုက်တယ်။

နောက်ထပ် လုပ်စရာတစ်ခုက စင်္ကာပူမှာ အတူနေ တစ်ကျောင်းထဲသယ်ရင်း လင်းမယားရဲ့ ၂ နှစ်မြောက်မင်္ဂလာ နေ့လေ။ သူတို့ကို မင်္ဂလာ ဆုတောင်းစကား မက်ဆေ့ပို့ပီးတော့ ပြန်အိပ်ရင်ကောင်းမလား စဉ်းစားမိတယ်။
.
ဒါပေမဲ့ တစ်ယောက်သောသူက သူ့ချစ်ချစ်နဲ့ ဒီနေ့မှာ ဘုရားဖူး ခရီးထွက်မှာမို့ သူဆီကို ပျော်ရွှင်ဖွယ် ခရီးဖြစ်ပါစေကြောင်း ဆုတောင်း မက်ဆေ့စ်ပို့ရအုံးမယ်လေ။
.
အဲဒီလိုနဲ့ ကျတော့ ရဲ့မေဒေးနေ့ မနက်ခင်းတစ်ခုဟာ ကုန်ဆုံးခဲ့တယ်။ညနေခင်းရောက်တော့ ကျတော်… YTU 2004 batch (YTU ရဲ့နောက်ဆုံးမျိုးဆက်) တွေရဲ့ Gathering Party ရှိရာ East Coast ကို ချီတက်ခဲ့တယ်လေ။ ဟိုရောက်တော့ သယ်ရင်းတစ်ချို့ရောက်နေကြပီ။
အဲဒီမှာ သယ်ရင်းတွေ တစ်ယောက်နဲ့တစ်ယောက် စနောက်ကြ၊ အကင်တွေ ကင်ကြ၊ အအေးတွေသောက်ကြနဲ့ ပျော်စရာ ညနေချမ်းလေးကို ဖြတ်သန်းဖြစ်ခဲ့တယ်။ နောက်တော့ မေဂျာအစုံပါတာမို့ တစ်ယောက်နဲ့ တယောက် ပိုမိုရင်းနှီးအောင် မိတ်ဆက်ကြ၊ အကင်တွေစားကြနဲ့ ပျော်ပျော်ပါးပါးရှိခဲ့ ကြပါတယ်။ တစ်ဝက်လောက် စားသောက်ပီးတော့ ဂိမ်းကစားဖို့ အတွက်ကမ်းခြေဘက် ထွက်ခဲ့တယ်။ ကမ်းခြေရောက်တော့ ချက်ချင်း ဂိမ်းမကစားနိုင်ပဲ ဓါတ်ပုံတွေ ရိုက်ကြတယ်။ အားလုံးစုပီးတော့ကော အဖွဲလိုက်ကော ရိုက်နေကြတာ အများကြီးပဲ။ နောက်တော့ ဂိမ်းကစားကြတယ်။ ဂိမ်းကြီးလေးမျိုး ကစားဖို့အားလုံးအဖွဲတွေ ခွဲပီး ကစားကြတယ်ဗျာ။
.
ကစားတာတွေက တော်တော်ပျော်ဖို့ကောင်းပါတယ်။ ကျတော်က ဂိမ်း ၂ မျိုးပဲ ကစားရသေးတယ်။ သယ်ရင်းလင်းမယားက ဘူကစ်စ် မှာ Steam Boatစားဖို့လှမ်းခေါ်နေပီ။ ဒါနဲ့ပဲ ကျတော်တို့ သယ်ရင်းလေးယောက် ကျန်ခဲ့တဲ့သယ်ရင်းတွေကို နှုတ်ဆက်ပီး ဘူကစ်စ်ကို တက်စ်စီနဲ့ အမြန်ချီတက်ကြတယ်။ ဟိုရောက်တော့ ကျတော်တို့ က ဗိုက်တင်းနေပီမို့ Steam Boat မစားတော့ပဲ သူတို့ရဲ့ စားအပြီးကို စောင့်ပီး Clark Quay ကို ဆက်လှမ်းခဲ့ကြတယ်။ Clark Quay ရဲ့မြောင်းနံဘေးမှာ သယ်ရင်းတွေ စုထိုင်ပီး ဘီယာစုပ်ကာ မစီးရဲတဲ့ Gmax ကို ငေးရင်း အေးချမ်းတဲ့ ညလေးကို ဖြတ်သန်းခဲ့တယ်…

အောက်က youtube video လေးကတော့ ကျတော့ဖုန်းအစုပ်လေး (nokia 5800) ရိုက်ထားတဲ့ ပုံလေးတွေကို video ပြန်ပြောင်းထားတာပါ။ သူများတွေကိုသာ ဓါတ်ပုံရိုက်နေတာ ကျတော့ပုံက အဖွဲ့တွေထဲမှာ မပါဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ တစ်ယောက်ထဲ ရိုက်ခဲ့တဲ့ ပြူးတူးပြဲတဲ ပုံတစ်ပုံကို အမှတ်တရအနေနဲဖြတ်ညှပ်ကပ်တင်လိုက်ပါတယ်။ YTU ကျောင်းသီချင်လေး လိုချင်ရင် ယူနိုင်ဖို့ပါ။
အမှတ်တရ May Day နေ့လေးပေါ့ဗျာ….


Friday, April 24, 2009

PRC---P=paris, R=Russia and C =china

ပုလုကွေးတို့ အိမ်မှာ ကုန်ကားစထောင်ခါစ အချိန်က ၁၉၉၀ ပတ်ဝန်းကျင်ပေါ့။ အဲ့ဒီအချိန်တုန်းက အခုလို nissan ..PE,UD တို့လို ဆယ်ဘီး၊ ဆယ်နှစ်ဘီး ကားတွေ မရှိသေးဘူး။ အဲ့ဒီအချိန် တုန်းက DODGE(ဒေါ့ဂျစ်-ခွေးရုပ်)၊ GMC ။ TE တို့ပဲရှိသေးတာလေ။
အဲဒီအချိန်တုန်းက စက်ပစ္စည်း က ရှားပေမဲ့ တကယ် အစစ် အမှန်ကားပစ္စည်းတွေကို သုံးခဲ့ရတယ်။ သူတို့အခေါ် ပီနန်ကျ လို့ခေါ်ပါတယ်။ ကားတာယာဆိုလဲ တကယ်ကောင်းတဲ့ BRIDGESTONE၊ KUMHO ၊ HANKOOK စတဲ့တာယာတွေကို သုံးခဲ့ကြတာပေါ့။ တာယာတွေ ဘယ်လောက်ကောင်းသလဲဆို ပန်းပါးပီး ကြိုးပေါ်တဲ့ အထိ သုံးလို့ရတယ်လေ။ အဲ တာယာပန်း..ဆိုတာက ဘီးရဲ မျက်နှင်ပြင် ရာဘာသား ကိုခေါ်တာပါ။ သူအောက်မှာ တာယာခိုင်မြဲအောင် နိုင်လွန်ကြိုး၊ ဒါမှမဟုတ် စတီးကြိုးတွေကို ကွန်ယက်သဖွယ် ယှက်ပီး ရာဘာသားထဲ မြုတ်ထားပါတယ်။
နောက်ပိုင်းခေတ်တွေ ပြောင်းလာတော့ တကယ်ပစ္စည်း အစစ်တွေဟာ ရှားလာတယ်။ သူတို့နေရာမှာ တရုတ်ပစ္စည်း တွေနေရာယူလာကြတယ်လေ။ တရုတ်ဆိုတဲ့အတိုင်း ဈေးသက်သာပေမဲ့ ရေရှည်ခိုင်ခံမှုမရှိဘူးလေ။
ကားတာယာမှာလဲ တရုတ်တာယာတွေ နေရာယူလာကြတယ်။ ဒါပေမဲ့တရုတ်တာယာ အများစုက မြန်မာပြည်လမ်းရယ် ကုန်ချိန်ရယ်ကို မခံနိုင်ဘူး။ ဒါကြောင့် တရုတ်တာယာတွေဟာ တအုံးအုံးနဲ့ ကွဲတာပေါ့။ ကားသမားတွေကလဲ တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတယ်။ Made in China ဆိုဝေါင်ဝေါင်းရှေးကြသဗျ။ ကားသမား စကားနဲ့ပြောရရင် အုံးကခနဲဆိုးပြီးမြည်တဲ့အသံဟာ အုံနာရင်ဘက်ထဲမှာလဲ အုံးခနဲနဲ့ကွဲတဲ့ အတိုင်းပဲတဲ့ခင်ဗျ။ အုံနာလဲ ရင်မကွဲဘဲ ခံနိုင်ရိုးလား။ တာယာတစ်လုံးကို သိန်းချိရှိနေတာကိုး။
နောက်ပိုင်း လူတွေက တရုတ်တာယာကို သုံးဖို့ဝန်လေးနေကြတော့တာပေါ့။ မကြာပါဘူး တရုတ်ဘက်ကနေ Made in PRC ဆိုပီး တာယာတွေ ဝင်လာတယ်ခင်ဗျ။ ကားသမားတွေကလည်း တရုတ်တာယာမဟုတ်ဘူးဆိုပီး ဝယ်သုံးဖို့စဉ်းစားကြတယ်ခင်ဗျ။ ဘုရင်ပွဲရုံက အရောင်းတော်တွေကလည်း ရှင်းပြတယ်လေ။ Pဆိုတာ Paris (ပြင်သစ်) R ဆိုတာ Russia C ဆိုတာ china ပေါ့။ အရောင်းတော်တွေက ပြင်သစ်နဲ့ရုရှနည်းပညာသုံးပီး တရုတ်လမ်းကြောင်းက ဈေးသက်သာလို့ တရုတ်ဘက်ကနေဝင်တာပေါ့။ မြန်မာနိုင်ငံက ကားသမားတွေကလဲ ဟုတ်လောက်ပါတယ်ဆိုပီး ဝယ် သုံးကြတယ်ခင်ဗျ။ နောက်မကြာပါဘူး မြန်မာနိုင်ငံက လမ်းတွေပေါ်မှာ Made in PRC တာယာတွေ တအုံးအုံးနဲ့ ပွင့်တော့တာပါပဲ။။ ကားသမားတွေ မသိတာက PRC ဆိုတာ People's Republic of China ဆိုတာကိုပါပဲဗျာ။။

Monday, April 20, 2009

သင်္ကြန်စာ

သင်္ကြန် တော့ ကျပီးသွားပီ။ ဒါပေမဲ့ သင်္ကြန်စာ ကို ဒီနေ့မှ ရွှေအိုး(www.shweo.com) မှာတွေ့တာနဲ့ pdf ခုတ်ပီး ပြန်တင်လိုက်ပါတယ်။ ကျတော်တို့ ငယ်ငယ်တုန်းကတော့ အဲဒီသင်္ကြန် ကို ကျတော်တို့ အဘွားတွေ၊ ကြီးတော်တွေ သေသေချာချာ ဖတ်မှတ်ကြတယ်။ မှန်လဲမှန်တယ်ပြောတာပဲ။ အဲ သင်္ကြန်စာထဲမှာ ဆားရှားမယ် ဘာညာပါရင် အဖွားတွေ ကြီးတော်တွေ က လှောင်ထားတက်ကြတယ်။ အဲဒီနှစ်တကယ်လည်း ဆားရှားသတဲ့။ နောက် ကျတော်တို့ ကြီးလာတော့ သင်္ကြန်စာ ဟာဒီလောက်မဟုတ်တော့ ဘူး။ ဘာကြောင့်လဲတော့ မသိဘူး။ သင်္ကြန်စာထဲမှာ ရေတဲ့တစ်ချို့ အသုံးအနှုန်းတွေကြောင့်လဲ ရေးတဲ့ သူတွေ အမေးအမြန်းခံရတယ်ဆိုပဲ။ (ကြားဖူးတာပါ သေချာမသိ) ။

ကျတော်ကတော့ ဗေဒင်ကို ယုံကြည်လွန်းသူတော့ မဟုတ်ဘူး။ ကြုံရင် ဖတ်လိုက်တာပါပဲ။ ဘာမှလဲ စိတ်ထဲမထားဘူး။ အခုတော့ အင်္ဂါသား၊ သားသမီတွေ အကြောင်း ဘာတင်ထားလဲဆိုတာ ကိုတော့ ရေးလိုက်မယ်နော်။ ကျန်တာကိုတော့ ကို့ဖာသာ pdf ဖိုင်မှာဖတ်ရှုပါနော်။

အင်္ဂါသားသမီး။ ။ဤနှစ်တွင် ရာထူးတိုးအံ့။ လုပ်ငန်းကိစ္စများတွင် အထင်လွဲမှာမှုများကြောင့် ကြန့်ကြာမှု ကြုံရခြင်းကို သတိနှင့်လုပ်ဆောင်သင့်သည်။ မိမိ၏ ဆောင်ရွက်မှုများကြောင့် အများလေးစား ကြည်ညိုမှုခံရအံ။ မိမိအောက်လူများ၏ ကူညီပံပိုးမှုကြောင့် အောင်မြင်မှုပိုမို ရရှိအံ့။ အချစ်ရေး စန်းပွင့်အံ့။ ပညာရေးတွင် ကြိုးစားသလောက် အောင်မြင်မှု ရရှိအံ့။ ငွေအတွက်သောကကြုံ၍ ကြာသပတေး သားသမီး ကူညီမှုဖြင့် အောင်မြင်မည်။ ဆီးရောဂါ၊ ခါးနာရောဂါဝေဒနာ ဖြစ်အံ့။

တန်ခူးလ။ ။အထည်အလိပ် တူရိယာ ယာဉ်၊ လျှပ်စစ်ပစ္စည်းများ ဖျော်ရည်၊ စားသောက်ကုန် ပစ္စည်းများေ၇ာင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်ရ ရှိအံ့။ မီးဘေးအန္တရာယ်ကို သတိဖြင့် ကြိုတင် ကာကွယ်အံ့။ နီုင်ငံတကာ ဆက်ဆံရေး အဆင်ပြေအံ့။ ကျွဲနွာ အခြေလေးချောင်သတ္တဝါ ဈေးကောင်းရအံ့။ ရွှေအရောင်းအဝယ်တွင် အကျိုးအမြတ်များအံ့။ ဂျုံပြောင်း၊ မြေပဲ ဆီထွက်သီးနှံအမျိုးမျိုး၊ မဆလာ၊ ဆန်စပါး၊ ကြံသကာ၊ ဆီ၊ ထောပတ် နှမ်း ပရုပ် အရောင်းအဝယ်ပြုလျှင် အကျိုးအမြတ်ရရှိအံ။ လဆန်း ၉ရက်အတွင်း ယမကာမျိုးစုံ ဈေးကောင်းရအံ။ လဆန်းရက် နောက်ပိုင်း ဇာတိပိုလ် တွင်ထွက်ပစ္စည်း ရွှေငွေစသော ဓါတ်သတ္တုအမျိုးမျိုး တွင်းထွက်ပစ္စည်း အမျိုးမျိုး ဆေးဘက်ဝင် ပစ္စည်းများ ထင်းရှုးသားအရောင်းအဝယ် ပြုလုပ်လျှင် အကျိုးအမြတ်များစွာ ရရှိအံ့။ ရုပ်ရှင် သဘင် တေးဂီတ အနုပညာတို့ ပိုမို အဆင်အတန်းမြင်းမားသောအံ့။ အနုပညာရှင်များ ဂုဏ်ပြုခြင်းခံရအံ့။ ထူးချွန်ပြောင်မြောက်သော အနုပညာ ရှင်များပေါ်ပေါက်လာအံ။ သယ်ယူပိုဆောင်ရေး လမ်းပန်းဆက်သွယ်ရေး တို့တွင် သဘာဝဘေးဒဏ်ကို ခေတ်မီသော နည်းပညာများကြောင့် ကာကွယ်နိုင်အံ့။ အုပ်ချုပ်သူများသည် အခတ်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုကို ရရှိအံ့။
အဲရွှေအိုး ကတင်ထားတဲ့မူရင်းလင့် က ဒီမှာပါ။
ဒါက ကျတော်တင်လိုက်တဲ့ pdf ဖိုင် ၁ နဲ့ ဖိုင် ၂
-----------
ပုလုကွေး
-----------