Friday, July 10, 2009

အမြတ်ဆုံး ဝိပဿနာ ကုသိုလ်



ဆရာတော် ရဝေနွယ် (အင်းမ) ၏ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၁၂၃ ၊ မင်္ဂလာ အတွေးများ (၁၈)..မှ စာများအား ပြန်လည် စာစီ စာရိုက်ပါသည်)။

ဝိပဿနာ ရှုမှတ်တဲ့ ယောဂီဟာ အခြေခံ နှစ်ချက်ကို သတိထားရပါမယ်။ အဲဒီနှစ်ချက်က (၁)ပစ္စုပ္ပန်တည့်တည့်ဖြစ်ရပါမယ်၊ (၂) ကိုယ်ရဲ့ အရှု့ခံ အာရုံဟာ ထင်ရှားရမယ်ဆိုတဲ့ အချက်နှစ်ချက်ပါ။ ဥပမာ. ရေချိုးနေတုန်းမှာ ဝင်တယ် ထွက်တယ် ဒါမှမဟုတ် ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်လို့ မရပါဘူး။ ရေချိုးနေတာ ထင်ရှားနေတဲ့ အတွက် ရေချိုးနေတဲ့ ကိုယ်အမူအရာ ကိုပဲ မှတ်ရမှာပါ။ အထူသဖြင့်တော့ ကိုယ့်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိနေဖို့ပါ။

စိတ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်လိုက် မှတ်နေတာ၊ လိုက်လိုက်သိနေတာကို စိတ္တာနုပသာနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ်ဖြစ်နေတာလေးကို နောက်စိတ်ကလေးက လိုက်လိုက်သိနေတာပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ “ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်” ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက် စေချင်ပါတယ်။

ဆိုပါစို့။

ကိုယ်က လူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့ ဒေါသ ဖြစ်လိုက်ပြီ။ ဒါဆို လုပ်နေတဲ့အလုပ်ကို ချက်ချင်းရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထား စိုက်ကြည့်လိုက်ပါ။ ဒေါသလေးက ဘယ်လိုလေး ဖြစ်နေတာလဲ စသဖြင့် ဒေါသရဲ့ သဘောလေး အထိမိအောင် သတိထားကြည့်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက် ခုန်နေတာ၊ ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတွေတောင် တဆက်ဆက်တုန်နေ တတ်ပါတယ်။) ပင်ပန်းနေတာ၊ ပူလောင်နေတာ စသည်တွေကို တွေရပါလိမ့်မယ်။

အဲဒီဒေါသရဲ့ သဘောလေးတွေကို သိနိုင်သမျှသိအောင် သတိကပ်ပြီး ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ် လို့ အချက်သုံးဆယ် လေးဆယ်လောက် မှတ်ပစ်နေလိုက်ပါ။ တကယ်ဆိုတော့ ဝိပဿနာမှာ စကားလုံးဆိုတာ မလိုပါဘူး။ ဒါပေမယ့် ဝိပဿနာ အားမထုတ်ဖူးသေးတဲ့ သူတစ်ယောက် အနေနဲ့ကတော့ စကားလုံးကို အကူအညီယူပြီး မှတ်တာ ပိုအဆင်ပြေတတ်ပါတယ်။ ဝိပဿနာကို တော်တော်လေး အားထုတ်ထားဖူးတဲ့ သူကတော့ စကားလုံးမလိုပါဘူး။ ဖြစ်နေတဲ့ ဒေါသလေးကို သိနေဖို့ပါပဲ။

အတိတ်အတိတ်ဘဝက ဝိပဿနာ အထုံပါရမီပါခဲ့သူ ဒါမှမဟုတ် လက်ရှိပစ္စုပ္ပန်ဘဝမှာ ဝိပဿနာတရားကို တော်တော်လေး အားထုတ်ထားဖူးတဲ့သူဆိုရင် စူးစိုက်ပြီး ရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့ ဒေါသလေလည်း ကုန်ပျက်သွားတာ၊ မှတ်သိနေတဲ့ မှတ်သိစိတ်ကလေးလည်း ကုန်ပျက်ကုန်ပျက်သွားတာကို သိခွင့်ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင် “ သြော်…ငါ့နှယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ပြုံးလေး တောင် ပြုံးလိုက်ပါးဦးမယ်။

အကုသိုယ်စိတ်ဖြစ်၊ ဖြစ်တာနဲသိ သိတာနဲ့မှတ်ပြီး ပယ်ပစ်တဲ့ အကျင့်လေးကို စွဲနေအောင် ရှေ့ဘဝအထိ အထုံဝါသနာ ပါသွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ ကျင့်ပါများသွားရင်း စွဲသွားတာပါ။

အဓိကကတော့ စဖြစ်ဖို့ပါ။ စဖြစ်ရင် စွဲသွားတာပါပဲ။

မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ။ မကောင်းတဲ့စိတ် ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ် ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့် အရာလည်းမဟုတ်ပါဘူး။ ဖြစ်တာနဲသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်စိတ် တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပိတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။

အဲဒီလိုပါပဲ ကိုယ့်စိတ်ညံ့လေးတွေကို ပြုပြင်ယူယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်တဲ့ စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့ စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ စိတ်ထားတွေ မြင့်မြတ်သူ ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ မကောင်းတဲ့ စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတောင် ဖြစ်နေပါဦးမယ်။

ကဲ ..စာဖတ်သူ ..မကောင်းတဲ့ စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်ကြည့်ပါလား.. အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။


စာစီ စာရိုက် ပူဇော်သူ ..ပုလုကွေး

9 comments:

အပြုံးပန်း said...

တခါမှ မလာဖြစ်ခဲ့ပဲ ခေါင်းစဉ်လေးတွေ့လို့ လာဖတ်ဖြစ်သွားတယ်။
ဝိပဿနာ ကုသိုလ်လေး ယူဖြစ်သွားတယ် ဆိုပါတော့။
ကျေးဇူးပါ။
တခါတခါ မှောင်သွားတတ်တဲ့ ပုထုစဉ်လူသားအတွက် အလင်းတချက်လေးရလိုက်လို့။

ကိုလူထွေး said...

တရားပေါက်သွားပြီလား...

အရေးအသားကအစ ပြောင်းလဲသွားတယ်...

စာရိုက်ပေးတာကိုပဲ ပူဇော်သတဲ့...

သာဓု (သုံးကြိမ်ဆို)

MrDBA said...

မင်္ဂလာရှိလိုက်လေဗျာ

ငှက်ကလေး said...

တင်ပါ့ ဘုရား တပည့်တော် မှတ်သွားပါတယ် ဘုရား ခိခိ ဖတ်သွားတယ်နော် စ တာ ဘိုင်

yuya2007 said...

ကျင့်သုံးကြည့်ဖို့ ကြိုးစားကြည့်မယ် ကိုပုလုကွေးရေ...

yu ya

အနမ်း said...

အရမ်းကောင်းတဲ့စာတွေပြန်လည်တင်ပြပေးတာကျေးဇူး ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

Rita said...

ပုလုရေ

စာဆက်ရေးပါဦး မအားဘူးလား
ကိုယ်တော့ ဒေါသစိတ်ပျောက်သွားမှာစိုးလို့ ကြုံတိုင်း အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပြန်နွှေးနေမိတယ်။ မကောင်းပါဘူး ပြင်ဦးမှ

မိုးခါး said...

သာဓု သာဓု သာဓု ခေါ်ပါတယ် အကိုရေး)

မယ်ကိုး said...

ဆရာတော်စာကို ကုသိုလ်ပြုတာ ကျေးဇူးပါ။ ဒီလို စာမျိုးတွေ ခဏခဏဖတ်ပေးမှ နို့် မို့  အပူတွေက နေရာဝင်ဝင်လုတာ။