Saturday, June 20, 2009

အလင်္ကာကြီးကို ဘယ်လိုမျက်နှာပြမလဲ


ပုလုကွေး ငယ်ငယ်က ဇာတ်တွေကြည့်ရတာ တော်တော် ဝါသနာပါပါတယ်။ အဒေါ်အငယ် အပျိုကြီးနဲ့ အတူတူ ပုလုကွေးတို့ မောင်နှမ ကြည့်ဖြစ်တာများပါတယ်။ ဇာတ်ထဲမှာဆို အများဆုံးကြည့်ဖြစ်တာက သစ္စာမေတ္တာ ရွှေမန်းသဘင် ပါ။ အဲဒီအချိန်က နာမည်ကြီး မန္တလေးသိန်းဇော်၊ မိုးဝင်းတို့ကို လဲကြည့်ဖူးပါတယ်။ ဒါပေမဲ့ မကြိုက်ဘူးဗျ။ သိန်းဇော်ဆို ကတာက နွဲ့လွန်းတယ်လို့ ထင်ပါတယ်။ မိုးဝင်း၊ မိုးမင်း တို့ကို တော့လုံးဝ ခံစားလို့မရတာပါ။ ပန်တျာကြည်လင်တော့ ကြိုက်ပါတယ်။

ပုလုကွေးတို့ ပဲခူးဘုရားပွဲဆိုတာကလည်း သင်္ကြန်မတိုင်ခင် နဲ့ သင်္ကြန်တွင်းမှာ ခြိမ့်ခြိမ့်သဲကျင်းပတာကလား။ ပဲခူးဘုရားပွဲက တခြားသောဘုရားပွဲတွေနဲ့ မတူဘူးခင်ဗျာ။ သူက တစ်နိုင်ငံလုံးက နာမည်ကြီးဇာတ်တွေ ၅ ၊ ၆ ၊ ၇ ခုလောက်ကို တချိန်ထဲမှာ ပြိုင်တူသွင်းတာခင်ဗျ။ ဇာတ်တွေကလည်း သူတို့ရုံလူပြည့်ဖို့ အပြိုင်ကကြတယ်ခင်ဗျ။ ဘယ်လိုပဲ ဇာတ်တွေများများ ပုလုကွေးတို့ တူဝရီး နှစ်တိုင်းအားပေးနေကြ ကတော့ သစ္စာမေတ္တာရွှေမန်းသဘင် ပါပဲ။

ရွှေမန်းသဘင်ကို ပဲခူးသူတွေက ဘယ်လောက်တောင် အားပေးသလဲ (ကဲသလိုဆို) မင်းသား ချမ်းသာက သီချင်းတစ်ပုဒ်ကို အစပဲပျိုးရသေးတယ်၊ အောက်ကနေ မင်းသားနဲ့ အပြိုင်လိုက်ဆိုကြတာဗျ။ ဥပမာဗျာ..ရွှေလက်ခုပ်သံ သီချင်းကို မင်းသားချမ်းသာက ရွှေလက်ခုပ်သံ လက်ခုပ်သံ..ဆိုပီး အစပဲပျိုးရသေး အောက်ကနေ..မိုးလုံးပြည့်ညံ ခြိမ့်ခြိမ့်သံ။ အာကာဝေယံ..ဗြဟ္မာပြေထံ၊ လူအပေါင်း ဝိုင်းကာကဲ ဆူဆူညံညံ ဘာသံလဲလို့ ချမ်းချမ်းကတဲ့ ပွဲတော်သဘင်မှ တီးလိုက်ပါတဲ့ ရွှေလက်ခုပ်သံ….ဘာညာ ဘာညာဆိုပီး ဆက်ဆိုကြတာ(ပုလုကွေးတောင် မေ့ကုန်ပီ)။

ပုလုကွေး ဇာတ်စကြည့်တဲ့ အချိန်က မင်းသားကိုချမ်းသာက ငယ်သေးသဗျ။ ဦးဝင်းဗိုလ်၊ ဦးဆန်းဝင်း တို့က ဦးဆောင်ပီးကတာဗျ။ မင်းသားဝင်းဗိုလ်ဆို ဝဝလေးနဲ့ ကတာလဲလှသဗျ။ ဦးဆန်းဝင်း ကတာလဲ အားပေးကြတာပါပဲ။(ကျတော် မင်းသားဦးဝင်းမောင် ကတာကို သိပ်မကြည့်ဖူးပါ) နောက်ပိုင်းတော့ မင်းသားချမ်းသာက ရွှေမန်းသဘင် ကိုဦးဆောင်လာခဲ့တယ်။ မင်းသားချမ်းသာရဲ့ ပြဇာတ်တွေဆို ပုလုကွေးမှတ်မိသလောက် ပျိုတို့မောင်ရှင်လိမ်ပြန်တော့(အဲ ဒါက ချမ်းသာရေးတာမဟုတ်ဘူးထင်တယ်)၊ ခင်ဦးနဲ့သား (ညွန့်ဝင်း ရုပ်ရှင် ပြန်ရိုက်ထားတယ်)၊ ဖိုးသင်္ကြန် တို့ ဆို တော်တော်လေးကို ကြိုက်ခဲ့တာပါ။

နှစ်ပါးသွား ကတော့ ပုလုကွေး အကြိုက်ဆုံးပဲခင်ဗျ။ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ တို့ ညီအစ်ကိုတွေနဲ့ မင်းသမီးတွေ ဖြစ်တဲ့ လှလှသန်း၊ရွှေကူးတင်၊ ဋ္ဌေးဋ္ဌေးမြင့်၊ နောက်တော့ ပိုင်ပိုင်ချမ်း စတဲ့ မင်းသမီးတွေ ရဲ့အကတွေဟာ နှစ်ပါးသွားပီပီ မြိုင်ဆိုင်တယ်ဗျ။ တစ်ချို့ဇာတ်တွေမှာက နှစ်ပါးသွားလို့သာဆိုတယ် မင်းသမီးတွေက ထိုင်ရာက မထ ငုတ်တုတ်ဗျ။ မင်းသားပဲ ကနေတာလေ။ လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ရွှေခဲ၊ ရာပြည့် (နောက် မေ့ကုန်ပီဗျာ..နာမည်တွေ၊) တို့ ရဲ့ ပြတ်လုံးတွေဟာလဲ တော်တော်လေး ကောင်းပါတယ်ဗျာ။ လှလှသန်းရဲ့ အသံပြဲကြီးနဲ့ ချမ်းရေ..ချမ်းရေ ဆိုပီး ချမ်းသာကို ခေါ်တဲ့ အသံ၊ ဆန်းရေ ဆန်းရေ ဆိုပီး ဆန်းဝင်းကို ခေါ်တဲ့ အသံတွေကို အခုထိ နားထဲကြားယောင်သေးသဗျ။

၁၉၉၅ ပတ်ဝန်းကျင်ရောက်တော့ ဆန်းဝင်းသား တင်မောင်ဆန်းမင်းဝင်း ဟာ ဇာတ်ထဲကို အစပျိုးဝင်ရောက်လာသဗျ။ တင်မောင်ဆန်းမင်းဝင်းရဲ့ ပုဂံအက ဟာလဲ ကြည့်လိုကောင်းတယ်ဗျ။ နောက်ပိုင်း ရွှေမန်းသဘင်ဟာ နှစ်ခုကွဲသွားတယ်။ ချမ်းသာနဲ့ ဆန်းဝင်းတို့က တစ်ဇာတ်၊ မင်းသားဝင်းဗိုလ်က တစ်ဇာတ်။ တစ်နှစ်ပေါ့ အဲဒီ ရွှေမန်းသဘင် ဇာတ်နှစ်ခုလုံး ပဲခူးဘုရားပွဲမှာ အပြိုင်ကကြတယ်ဗျ။ အဲဒီတော့ ပုလုကွေးလဲ ဘယ်ဇာတ်မှ မကြည့်တော့ဘူး။ မကြာပါဘူး မင်းသားဆန်းဝင်း က အမေရိကန်မှာ အခြေချ။(မကျိန်းသေပါ)။ မင်းသားချမ်းသာလဲ ပဲခူးသူနဲ့ အိမ်ထောင်ကျပီး ဇာတ်ဆက်မကတော့ သလောက်ပါပဲ။ သစ္စာမေတ္တာရွှေမန်းသဘင်ကို တင်မောင်ဆန်းမင်းဝင်းနဲ့ သူ့ညီမက ဦးဆောင်ကလာတယ်။ ပုလုကွေးလဲ အဲဒီ အချိန်ကတည်းက ဇာတ်တွေနဲ့ ဝေးနေခဲ့တာပေါ့။ (ဦးဝင်းဗိုလ်သား စည်သူဗိုလ် ကတာကို နဲနဲပဲ ကြည့်ဖူးပါတယ်..မကြိုက်ပါ)

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ချခဲ့မျိုးစေ့ကို မင်းသား ဆန်းဝင်း၊ မင်းသား ဝင်းဗိုလ်၊ မင်းသား ဝင်မောင်၊ မင်းသားချမ်းသာ တို့ဟာ အလင်္ကာရဲ့သွေးပီသစွာနဲ့ မြန်မာဇာတ်သဘင် ခေတ်ကို ဦးဆောင်ခဲ့ကြတယ်ဗျာ။ (ဦညွှန့်ဝင်းကတော့ ခြွင်းချက်ပေါ့)။

တနေ့ သယ်ရင်းအတောင်က burmese classic ကနေပီး ရုပ်ရှင်ဖွင့်ထားတယ်ဗျ။ သူဖွင့်ထားတော့ ပုလုကွေးလဲ ကြားနေရတာပေါ့။ လူရွှင်တော်က ခွန်းတောက်ဆိုသံကြားတော့ အော်အငြိမ့်ပဲ လို့ထင်ခဲ့တာ။ နောက်တော့ တင်မောင်ဆန်းမင်းဝင်း အသံကြားမှ အော်ရွှေမန်းသဘင်ပါလားဆိုပီး သူ့ကွန်ပျူတာဆီ အရောက်သွားပီး ကြည့်နေမိတယ်။ ရွှေမန်းသဘင်ဆို စိတ်ကကြည့်ချင်လာတာနဲ့ ဇာတ်ကားနာမည်ဘာလဲလို့ အတောင်ကို မေးမိတယ်။ အဲဒီမှာ ငါးပါးမှောက်တော့တာကလား။ သူပြောတာက “ခိုင်သင်းကြည်တို့ ကတဲ့ပွဲ (၃)တဲ့”။ ဗျာ အလင်္ကာ မျိုးဆက် တင်မောင်ဆန်းမင်းဝင်း ကဦးဆောင်ပီးကတဲ့ ဇာတ်ကို ခိုင်သင်းကြည်တို့ ကတဲ့ပွဲ လို့နာမည်တပ်ခံရသဗျ။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။

ပုလုကွေးဟာ ယောင်္ကျားဝါဒီကို ပဲဆွဲကိုင်ထားတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ဗျာ ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည်ရဲ့ မကတက် ကတက်နဲ့ ကထားတာကို ခိုင်သင်းကြည် တို့ ကတဲပွဲ ဆိုပီး နာမည်တပ်ခံရတော့ အဲဒီအခွေကို ဆက်ကြည့်ဖို့တောင် အားမရှိတော့ဘူး။ အလင်္ကာကြီး ကို ဘယ်လိုမျက်နှာပြရမလဲဗျာ…။ (တကယ်တော့ အဲ့ဒီအခွေက နှစ်ပါးသွားကနဲနဲလေးပါ၊ ပြဇာတ်တွေ ဘာညာတွေနဲ့ ..)

(youtube မှာတင်ထားတဲ့ မင်းသားချမ်းသာရဲ့ ခင့်ဆုတောင်း သီချင်းရယ်၊ မင်းသား ဆန်းဝင်းရဲ့ ခင့်ဆုတောင်း ကို ကြည့်သွားပါအုံးဗျာ။ မနှစ်က မြန်မာပြည်ပြန်တာ ပုလုကွေး မှာရှိတဲ့ သစ္စာမေတ္တာရွှေမန်းသဘင် ရဲ့ အခွှေတွေကို ယူကျူ့မှာတင်ဖို့ဆိုပီး အားခဲထားပေမဲ့ အခွေတွေက ဖတ်မရအောင်ပျက်နေတော့ လက်လျှောခဲ့ရတယ်ဗျာ။ အခွေတွေဝယ်မယ်ဆိုပီး လိုက်ရှာတာလဲ မရဘူးဗျာ။ ရှိတဲ့လူတွေများ ရွှေမန်းသဘင် အက အလှတွေကို youtube မှာတင်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ )





14 comments:

ဖိုးသင်္ကြန် said...

ပဲခူးသား ပီသပါပေတယ်၊ (ပွဲကြိုက်တာကို ပြောတာပါ)
ဆက်ရေးပါဦး။ Blog ပေါ်မှာ သဘင်အကြောင်းရေးတာ ဒါပထမဆုံးဖတ်ဖူးတာပဲ။

Rita said...

ကိုယ်လဲ ငယ်ငယ်က ဇာတ်ပွဲတွေ လူကြီးတွေနဲ့ လိုက်ကြည့်ဖူးတာ သတိရမိတယ်။ ဒါပေမယ့် ပုလုလို မကြိုက်လို့လား မသိဘူး။ ဘာမှ မှတ်မိတော့ဘူး။ ပွဲခင်းထဲမှာ တချိန်လုံး အိပ်နေတာပဲ မှတ်မိတော့တယ်။

သီဟသစ် said...

ဖိုးသင်္ကြန်ပြောတာ ဟုတ်တယ် ကိုပုလုကွေးရေ သဘင် အကြောင်းသိပ်မဖတ်ရဘူး ဘလော့မှာ..

မှတ်မိသမျှ ခံစားမိသမျှတွေ ဆက်ရေးပါအုံး

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

ကိုပုလုကြီးရေးမှ မေ့ကိုသတိရသွားတယ်။ ရွှေမန်းမှ ရွှေမန်းလေ။ ရွှေမန်းဇာတ်ဝင်ပြီဟေ့ဆို ရှေ့က ဖျာဝယ်ပေးထားမှ။ မ၀ယ်ပေးထားရင် အိမ်ပေါ်ကပစ္စည်း အိမ်ရှေ့မှ ကောက်ပေရော့တဲ့။ မေက ၀င်းဗိုလ်ကြိုက်တာဗျ။ ချမ်းသာကတော့ အကတော်တယ်ဗျာ။ ဇာတ်သဘင်မတိမ်ကောအောင် စောင့်ရှောက်ဖို့ ကြိုးစားရင်ဇာတ်သဘင်လည်းပျောက်သလောက်ရှိနေပါပြီ။ မန္တလေးမှာဆိုလည်း လမ်းတိုင်းနီးနီးလောက် အငြိမ့်ပွဲရှိတဲ့ ပွဲချိန်တွေကိုလွမ်းမိတယ်။ အမာစိန်ကတာလေး လက်ကလေးချိုးတာလေးကို လှလွန်းလို့ဆိုပြီး ငေးဖူးတယ်။ အခုတော့..အားလုံး ဝေးးးးးးးးး

Anonymous said...

plz share, if u found more.
I like lay lay chan.


myatnoe

မင်းအိမ်ဖြူ Minn Eain Phyu said...

တော်လိုက်တာဗျာ ၊၊ တော်တော် မှတ်မှတ်သားသား ရှိတာပဲနော် ၊၊ ကျွန်တော်မှတ်မိတာကတော့ ကိုသိန်းဇော် နှစ်ပါးသွားပါပဲ ၊၊ ရွှေမန်းက အဒေါ်တစ် ယောက်ကတော့ အသေကြိုက်တယ် ၊၊ အခုရွှေမန်း မျိုးဆက်ထိ အားပေးနေဆဲလေ ၊၊
အခုလို ပိုစ့်လေးတင်ပေးတာ ကောင်းတယ်ဗျ ၊၊ ကျွန်တော်တို.က သိပ်မသိဘူး ၊၊
ပျော်ရွှင်ပါစေ ၊၊

မသက်ဇင် said...

ပုလုကွေးရေ
ရှားရှားပါးပါးဖေါ်ထုတ်ထားတဲ့ မြန်မာ့ဇာတ်သဘင်
အမွေအနှစ်တခုပါပဲ။တန်ဘိုးရှိပါတယ်။
ယနေ့ခေတ်ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ ရှေးဇာတ်သဘင်တွေအကြောင်းအဆင်ပြေရင် ထပ်ရေးပါအုံး
ခင်မင်လျက်

Anonymous said...

အဟေဟေ ကျနော်က ပွဲဆိုသေချာတခါမှ မကြည့်ဖူးဘူးဗျ။ ကိုပုရေးတာ ဖတ်ပြီး ကြည့်တောင် ကြည့်ချင်လာပြီဗျာ

Anonymous said...

Zyat yuu:....

Anonymous said...

ဟုတ်ကဲ့ ကျတော် ဇာတ်ရူးပါတယ်ခင်ဗျာ..ရူးဆို ကျတော့ ဘကြီးက ဇာတ်ဆရာကိုး..။ ရခိုင်ပြည်နယ် အခြေစိုက် ရှားပါးလှတဲ့ ဇာတ်တွေထဲက တစ်ခုကို ကျတော်ဘကြီးက တည်ထောင်ထားပါတယ်....။

ကျတော့ကို ဇာတ်ရူးလို့ပြောတာ ဘယ်သူဆိုတာ သိသပ။ (နာမည်မပါပေမဲ့)။ ကျတော့ကို အဲဒီလို ပြောလို့ စိတ်မဆိုးပါ..။ ကျတော် ရွှေမန်းဇာတ် အခွေဖွင့်တာ များလွန်းလို့ ..နားညီးလို့နဲ့ တူတယ်..ဟုတ်လား သယ်ရင်း...

ပုလုကွေး

မိုးခါး said...

ကြည့်ဘူးဘူး
ကြည့်ရကောင်းမှန်းလည်းမသိဘူး
တီဗွီမှာလာရင်တောင် အိပ်ပျော်သွားတတ်တာ .. အိမ်ရောက်ရင် ကြည့်ကြည့်မယ်လေ :D

littlebrook said...

ငယ်ငယ်က အဖေကဇာတ်ကန်ထရိုက်တွေဆွဲတဲ့ထဲပါတော့ ဇာတ်နဲ့ရင်းနှီးပါတယ် ဇာတ်ရုံနောက်ထဲဝင်ပြီး မင်းသမီး မင်းသားတွေကို နီးနီးကပ်ကပ်မြင်ရတာကိုပဲ ဂုဏ်ယူလို့မဆုံးပေါ့ ... သိန်းဇော် နဲ့ ချမ်းသာခေတ်မှာ
ကြီးလာခဲ့တာပါ လွမ်းတယ်ဗျာ

Unknown said...

သဘင် အကြောင်း တင်ပါဦး
တင် မောင်ဆန်းမင်း နှစ်ပါးကလည်း ကောင်းပါတယ်

Unknown said...

စိန်မဟာ နောက်ပိုင်းဇာတ်တွေလည်း တော်တော်လေးကောင်းတယ်