Tuesday, March 17, 2009

ရွှေ ၆၂ ထဲက ကျွန်တော်အကြိုက်ဆုံးရွှေ (မြွေအိမ်)


မြွေအိမ်
စာရေးဆရာ…ထက်ငြိမ်းဝေ
အမှတ် ၁၂၂၊ ဇန်နဝါရီလ၊ ၂၀၀၀ ပြည့်နှစ်
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

(photo by google)

၅၈လမ်းအတိုင်း တောင်ဘက်ကို တည့်တည့်သွား အောင်စစ်သူ ကားဂိတ်တောင်ဘက်နားက ကုန်းမြင့်ဘက်ပေါ်မှာ အလယ်တန်း ကျောင်းကြီးတစ်ကျောင်း တွေ့လိမ့်မယ်။


ဟုတ်ပြီ တွေ့ပြီ။


အဲဒီကနေ တောင်ဘက်ကို နှစ်ပြကျော်ကျော်လောက် ဆက်သွားလိုက်၊ လမ်းအရှေ့ဘက် အစွန်ဆုံးက အိမ်ဟာ မင်းသွားချင်တဲ့ အိမ်ပဲ။


စက်ဘီးကို ခြေတစ်ဖက် ထောက်ရပ်လိုက်ပြီး ရှေ့ နှစ်ပြကျော်ကျော် သို့လှမ်းကြည့် လိုက်သည်။
အလို.. မှောင်စပျိုးအချိန် ဆိုပေမယ့် လမ်းမီးတွေနဲ့ လင်းထိန်နေပါလား။ လူတွေကလည်း သွားကြလာကြ စည်စည်ကားကားပဲ။ ကိုယ်ထင်ထားသလို မြို့အစွန် ချောင်ကလေးထဲက လူသွား လူလာနည်းတဲ့ ခပ်မှောင်မှောင် နေရာတစ်ခုမဟုတ်ပါလား။


ဆက်သွားရမှာပင် ရှက်သလိုလို ရွံသလိုလို ဖြစ်သွားသည်။


အင်း..လူမမြင် သူမမြင် နေရာမှတ်လို့ လာခဲ့တာ၊ လူတွေ အများကြီး ဆိုတော့ မခက်ဘူးလား။ မတော် အသိတစ်ယောက်ယောက် နဲ့တွေ့နေရင် ဘယ်လိုလုပ်မလဲ။ သည်ကို ဘာလာလုပ်လဲ မေးရင် ဘယ်လိုဖြေမလဲ။ အကြောင်း ပြချက်တစ်ခုခုတော့ စဉ်းစားထားရမယ်။ ဒါပေမယ့် ယုံပါမလား။ ကိုယ်ပြောတာကို မယုံဘဲ ပြုံးဖြီးဖြီးကြီး လုပ်နေရင် ပိုပြီးအနေခက်ရောမယ်။


နောက်ကြောင်းပြန် လှည့်ရကောင်းမလား စဉ်းစားမိပြန်သည်။


အို …ဒီလောက်အဝေးကြီး စက်ဘီးနင်းလာခဲ့ပြီးမှ ဘာမှမဟုတ်ဘဲ လှည့်ပြန်ရရင် မောစရာ။


ပြီးတော့ ဒီကိုလာနိုင်ဖို့ ဆယ့်ငါးရက်လောက် လက်ဖက်ရည် အငတ်ခံပြီး ပိုက်ဆံစုခဲ့ရတာ။ အရင့်အရင် လတွေတုန်းကလည်း သွားမယ်သွားမယ် တစ်ခေါက်လောက်တော့ သွားကြည့်ဦးမယ်နဲ့ စိတ်ကူးပဲ ရှိပြီး ရွံတွန့်ရွံတွန့် ဖြစ်နေတာနဲ့ မရောက်ခဲ့ဘူး။ ဒီနေ့တော့ စိတ်ကို ရဲရဲပိုင်းဖြတ်ပြီး ထွက်လာခဲ့တာ။ လိုရာရောက်ဖို့လည်း လက်တစ်ကမ်းပဲ လိုတော့တဲ့ဟာ။ ဒီလောက်ထိ ရောက်ပြီးမှ လှည့်ပြန်ရရင် မဟုတ်သေးဘူး။


ပြီးတော့ ဒီနေရာက ကိုယ်နေတဲ့ နေရာနဲ့ဆို တော်တော်တော့ လှမ်းတာပဲ။ ဒီအရပ်မှာ ကိုယ့်ရဲ့ အသိတော မရှိလောက်ဘူး ထင်ပါရဲ့။ တကယ်လို့ မျက်နှာသိ ရှိနေတောင် လျှာထိုးဦးထုပ်နဲ့၊ နေကာမျက်မှန်နဲ့ ဖြစ်နေတဲ့ ကိုယ့်ကို ရုတ်တရတ်တော့ မှတ်မိမှာ မဟုတ်ပါဘူး။ ဆက်သွားလိုက်တာ ကောင်းပါတယ်လေ။


နေဦး၊ နေမပူဘဲ ဦးထုပ်နဲ့ နေကာမျက်မှန်နဲ့ ဆိုတော့ ကောင်းပါ့မလား။ လူတွေ ပိုပြီး သတိထားမိအောင် လုပ်သလို ဖြစ်နေမလား။ မျက်မှန်တော့ ချွတ်ထားတာ ကောင်းမယ်ထင်ပါတယ်။ ဦးထုပ်ကတော့ တချို့လည်း နေမပူဘဲ ဒီလိုဆောင်း တက်ကြတာပဲ။ မျက်မှန်ချွတ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားလိုက်မယ်။ ခေါင်းငုံ့ထားရင် မျက်နှာကို သူများကို မမြင်နိုင်တော့ဘူး။ အသေအချာ မကြည့်ရင် ပေါ့လေ။

အဲ..တစ်ခုတော့ ရှိတယ်။ အဲဒီအိမ် ရောက်ရင်တော့ ခေါင်းအမြဲငုံ့ထားလို့တော့ မရတော့ဘူး။ ခေါင်းမော့ပြီး ဟိုဟိုသည်သည် ကြည့်ရတော့မယ်။ ဒါဆိုရင် အဲ့ဒီအိမ်မှာရှိတဲ့ လူတွေနဲ့ အဲဒီအိမ်ကို လာတဲ့ ကိုယ်လိုလူတွေကတော့ ကိုယ့်မျက်နှာကို သေသေချာချာ မြင်ရမှာပဲ။ အဲဒီအထဲမှာကော ကိုယ့်အသိ မရှိနိုင်ဘူးလား။ အင်း.. ရှိနိုင်တာပေါ့။ အဲဒီိလိုများ တွေ့ခဲ့ရင် မျက်နှာကို ဘယ်လိုထားရပါ့။ တစ်သက်လုံး ရိုးရိုးအေးအေး နေခဲ့သမျှ သိက္ခာတွေ ရေစုန်မျောကုန် မှာပဲ။ “တစ်ခါခိုးစား၊ တစ်ခါမိ” ဆိုသလို ဖြစ်နေရင် ဒုက္ခ။

အိုလေ.. ကိုယ်လည်း လောကီသား သွေးနဲကိုယ်၊ သားနဲ့ကိုယ်ပဲဟာ။ တစ်ခါတလေတော့ ရှိမှာပေါ့။ သူများတွေလို ခဏ ခဏ အလွန်အကျွံမှ မဟုတ်တာ။ ပြီးတော့ ဒီအိမ်မှာ ဆုံကြပြီး ဆိုမှတော့ “သည်ပုတ်ထဲက သည်ပဲ” ပဲပေါ့။ ဆင်ဖြူမျက်နှာသာ ဆင်မည်း မကြည့်ဝံတာ။ ဆင်းမည်း ဆင်မည်း ချင်းတော့ ဘာလို့ ဝံ့ရမှာလဲ။

စိတ်ကို တင်းပြီး စက်ဘီးကို ဆက်နင်းလာခဲ့သည်။ ရောက်လိုသော အိမ်နှင့် နီးလာတော့ ရင်ခုန်နှုန်က တော်တော်လေး မြန်လာသည်။ တကယ်ဆို အသက် ၃၃နှစ် အရွယ် လူပျိုကြီး တစ်ယောက်အနေနှင့် မိန်မပျိုလေးတစ်ယောက်ကို သည်မျှရင်ခုန်နေဖို့ မကောင်းဟု ထင်သည်။ ဒါပေမယ့် သူ့ဘာသာသူ အလိုလို ခုန်လာတာတော့ ဘာမှမတက်နိုင်။ သည် အတိုင်း ပင် ဆက်နင်းလာခဲ့သည်။ အိမ်ရှေ့ တည့်တည့်ကို ရောက်တော့ ရင်ထဲက ဟာတာလိုလို၊ မောတာလိုလို ဖြစ်နေပြီး မျက်နှာက ထူပူရှိန်းဖိန်းနေပြန်သည်။
နောက်တစ်ပိုင်း သောကြာနေ့တင်ပါမည် ။ ည ( ရ )နာရီ

2 comments:

ZT (TGO) said...

oww.....

မသက်ဇင် said...

ရင်ခုန်မိတာ-----?
အဆက်ကိုမျှော်နေတယ်--
ပျော်ရွှင်ပါစေ--