Sunday, July 26, 2009

Obsessed နှင့် ကျွန်ုပ်၏ ရုံးပိတ်ရက်

ဒီတစ်ပတ် ဘယ်မှ ဂျလန်းဂျလန်း မလုပ်ပဲနဲ့ အိမ်မှာပဲနေမယ်စိတ်ကူးထားတယ်ဗျ။ ဒါကြောင့် အိမ်အလုပ်တွေကို လုပ်၊ နောက်ပြီး အားရင်ကြည့်ရအောင် movies တွေကို ဒေါင်းလုပ်ဆွဲထားမိတယ်။ ဆွဲထားတဲ့ movies တွေက
၁။ obsessed
၂။ harry potter and the half blood prince
၃။ Transformer 2

အရင်ဆုံးကြည့်ဖြစ်တာက ကိုရွာသားလေး (ဝိုင်တီယူ) ညွှန်းထားတဲ့ Obsessedပဲ။ သူက ဂျူးရဲ့ ကြေမွသွားသော တိမ်တိုက်များနဲ့ ဒီ Obsessed ကို ယှဉ်ညွှန်းထားတာကိုး။ ကျတော်က ဂျူး ရဲ့ကြေမွသွားသော တိမ်တိုက်များကို ကြိုက်လွန်းလို့ အပိုင်ဝယ်ထားတာ။ မကြာခန ဖတ်ဖြစ်တယ်။ အဲဒီထဲက မြနှင်းဆီ ရဲ့ အချစ်ကိုလည်း ခံစားလို့ရတယ်။ ဒါပေမဲ့ ခပ်ကြောက်ကြောက်ရယ်။ မိန်းမတွေက ချစ်မိရင် မလွယ်ပါလား ဆိုတာကိုတွေးမိတာ။


Lisa ကိုကျတော် တွေ့လိုက်ရတဲ့ အချိန်ကျတော့ ဘုရားတမိသွားတယ်။ အလိုလေး။ Lisa ကို ကြောက်လွန်းလို့ အဲဒီကားကို ကြည်နေတုန်း ၃ ခါ နားပြီး ဆက်ကြည့်ရတယ်ဗျာ။ မြနှင်းဆီ နဲ့ မြတ်စု၊ Lisa နဲ့ Derek ။ သူတို့ကြားက သနားစရာ ဖြူ နဲ့ Sharon။ အချစ်ကို ပိုင်ဆိုင်ဖို့ကြိုးစားတဲ့ Lisa၊ မြနှင်းဆီတို့ကို ကြည့်ပြီး ရင်မောလွန်းလို့ဗျာ။


ဒီဇာတ်ကားကို ကြည့်ပြီး ဟိုတလောကမှဖတ်ထားတဲ့ ဆရာတော် ရဝေနွယ်(အင်းမ)ရဲ့ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၂၄၃ မင်္ဂလာအတွေးများ အပိုင်း ၃၇ ကို သွားသတိရမိတယ်။ ဘုရားကတော့ အချစ် ၃ မျိုးရှိသတဲ့ဗျ။ အဲဒီအချစ် ၃မျိုးကတော့
၁။ ဝီတိက္ကမ အချစ် (အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊ ဝဇီကံမြောက် လွန်းကျူးလိုက်တဲ့ အချစ်
၂။ ပရိယုဋ္ဌာနအချစ် (စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
၃။ အနုသယ အချစ် (သတ္တဝါတွေရဲ့ သန္တန် မှာ အစဉ်သဖြင့် ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက ပါလာတဲ့ အချစ်


အနာဂါမ် မဖြစ်သေးသမျှတော့ ဘယ်သူမှ အချစ်နဲ့မကင်းကြပါဘူး (အနာဂါမ်စစ် သူမဖြစ် အပြစ်လွန်ကျူးသည်)။ ဒါပေမဲ့ဗျာ အပြစ်နည်းတဲ့ အချစ် ဖြစ်ရင်တော့ အကောင်းဆုံးပေါ့။

မြတ်စု၊ Derek တို့ကလည်း သာမန်ပုထုဇဉ်ဆိုတော့ လဲ သူတို့ခမျာ ဘယ်လိုထိန်းနိုင်ပါမလဲဗျာ။ သီချင်းလေးတောင် ရှိသေးတယ်မဟုတ်လား။ မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာတယ် တဲ့ဗျာ။ ကျတော်လေကြောရှည်နေတာ ကြာပါတယ်။ ဒီ Obsessd ဇာတ်ကားလေးကို ကြည့်ကြည့်လိုက်ပါအုံးဗျာ....


ဒီမှာဒေါင်းလုပ်လင့်တွေပါ။

http://www.mediafire.com/?itwgwuyzzqf
http://www.mediafire.com/?yfnmnyykmtc
http://www.mediafire.com/?dn1gmwqyqmq
http://www.mediafire.com/?mzezc0nb5jl
http://www.mediafire.com/?gkm4kyozqnj
http://www.mediafire.com/?jnimnitmgmz
http://www.mediafire.com/?4znunktzcmu
http://www.mediafire.com/?utzqrkvjdm2


ဒေါင်းပြီးသွားရင် HJsplit နဲ့ ပြန်ပေါင်းပါ။ ပေါင်းပုံ ပေါင်းနည်းကတော့
၁။ အရင်ဆုံး movies ဖိုင် ဒေါင်လုပ်လင့်များအားလုံးကို ဒေါင်းပါ။ ဒေါင်းပီးရင်..ဖိုင်အားလုံးကို ဖိုလ်ဒါတစ်ခုထဲထည့်လိုက်ပါ။
၂။ ပြီးနောက် အဲဒီ အပိုင်းမျာ ကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။
၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။
၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2. 3 4 5 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။
၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။
၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခုရသွားပါလိမ့်မယ်။
၇၊ အဲဒီ movies ဖိုင်ကို ကြည့်ဖို့ အကောင်းဆုံး ပလေယာကတော့ VLC player ပါ။ ဒီနေရာကနေ ဒေါင်းပါအုံးဗျာ....

Wednesday, July 15, 2009

ရခိုင်သခွားသီးသုပ်

အခုလို ဂျွန်၊ ဂျူလိုင် မိုးရာသီရောက်ပြီဆို ကျတော်တို့ ရွာမှာ ခဝဲသီး၊ သခွားသီး၊ ပဲထောင့်ရှည်သီတွေ လှိုင်လှိုင်ပေါ်ပီဗျ။ ကျတော်တို့ ရွာရဲ့ အပိုင်းတစ်ပိုင်း ဖြစ်တဲ့ ရှမ်းစုလို့ အများခေါ်ကြတဲ့ အရပ်မှာ ပအို့စ် တွေနေကြတယ်ဗျ။ သူတို့က ရာသီအလိုက် သီးနှံတွေကို စိုက်ကြပြီး ဒီရာသီဆို ခဝဲသီး၊ သခွားသီး တို့ထွက်ပြီလေ။




အိမ်ကို သတိရတာနဲ့ ဒီအချိန်ဆို မာမီသုပ်ကျွေးလေ့ရှိတဲ့ ရခိုင် သခွားသီးသုပ်ကလေးကို စားချင်လာတယ်။ ဒါနဲ့ အိမ်နားက ဆိုင်မှာ သခွားသီး ဝယ်ပြီး ကိုယ်ဖာသာ ကိုယ်သုပ်စားလိုက်တယ်ဗျာ..။ ဘယ်လိုသုပ်ရတာကိုလဲ ဘလော့ကနေမျှချင်တာနဲ့ပဲ ….



ရခိုင်လို သခွားသီးသုပ်ဖို့..သခွားသီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်၊ နံနံပင်၊ ပုစွန်ငါးပိ၊ သံပုရာသီး၊ ပုစွန်ခြောက် တို့လိုပါတယ်။







အရင်ဆုံး သခွားသီးကို ထက်ခြမ်းခြမ်းပြီး ဇွန်းအမြီးဖျားလေးနဲ့ ခြစ်ရမယ်။ ခြစ်ထားတာလေးကို ဇလုံတစ်လုံးနဲ့ ထည့်ထားပေါ့။




ငရုတ်သီးထောင်းဖို့က ငရုတ်သီးရယ်၊ ကြက်သွန်နီရယ်၊ ပုဇွန်ခြောက်ရယ်ကို ရောထောင်း။ ငရုတ်ဆုံ မရှိရင်တော့ မွှေစက်နဲ့သာ မွှေပါဗျာ။ တကယ်တော့ ပုဇွန်ခြောက်က မထည့်လဲရတယ်။ အချိုအတွက်သာ ထည့်တာပါ။
နောက် ဆား၊ ဟင်းချိုမုန့် နည်းနည်းထည့်။ ထောင်ထားတဲ့ ငရုတ်သီးနဲ့ ခြစ်ထားတဲ့ သခွားသီးကို ရောနယ်လိုက်ဗျာ။ ပြီးတော့ သံပုရာရည် လေးညှစ်ထည့်။ အနံလေးမွှေးဖို့ ပင်စိမ်းလေးထည့်ဗျာ။ စလုံးမှာက ပင်စိမ်းရွက် ရှားတော့ နံနပင်ပဲထည့်ပေါ့ဗျာ။ အပေါ့ အငန် မြည်းပြီး ရင် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့ ရခိုင်သခွားသီးသုပ် ကိုရရှိမှာပါ။

(စလုံးက သခွားသီးတွေက မြန်မာပြည်မှာလို လတ်လတ်ဆက်ဆက် မဟုတ်တော့ မချိုဘူးဗျ တစ်ခုခု လိုနေသလိုပဲ သိပ်စားလို့ မကောင်းဘူး)

Friday, July 10, 2009

အမြတ်ဆုံး ဝိပဿနာ ကုသိုလ်



ဆရာတော် ရဝေနွယ် (အင်းမ) ၏ မင်္ဂလာ အတွေးများ စာအုပ် စာမျက်နှာ ၁၂၃ ၊ မင်္ဂလာ အတွေးများ (၁၈)..မှ စာများအား ပြန်လည် စာစီ စာရိုက်ပါသည်)။

ဝိပဿနာ ရှုမှတ်တဲ့ ယောဂီဟာ အခြေခံ နှစ်ချက်ကို သတိထားရပါမယ်။ အဲဒီနှစ်ချက်က (၁)ပစ္စုပ္ပန်တည့်တည့်ဖြစ်ရပါမယ်၊ (၂) ကိုယ်ရဲ့ အရှု့ခံ အာရုံဟာ ထင်ရှားရမယ်ဆိုတဲ့ အချက်နှစ်ချက်ပါ။ ဥပမာ. ရေချိုးနေတုန်းမှာ ဝင်တယ် ထွက်တယ် ဒါမှမဟုတ် ဖောင်းတယ် ပိန်တယ်လို့ ရှုမှတ်လို့ မရပါဘူး။ ရေချိုးနေတာ ထင်ရှားနေတဲ့ အတွက် ရေချိုးနေတဲ့ ကိုယ်အမူအရာ ကိုပဲ မှတ်ရမှာပါ။ အထူသဖြင့်တော့ ကိုယ့်ရဲ့ အရှုခံအာရုံဟာ ထင်ရှားရှိနေဖို့ပါ။

စိတ်အမူအရာ ဖြစ်တိုင်း ဖြစ်တိုင်း လိုက်လိုက် မှတ်နေတာ၊ လိုက်လိုက်သိနေတာကို စိတ္တာနုပသာနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင်တော့ ရှေ့စိတ်ဖြစ်နေတာလေးကို နောက်စိတ်ကလေးက လိုက်လိုက်သိနေတာပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ “ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်” ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလိုက် စေချင်ပါတယ်။

ဆိုပါစို့။

ကိုယ်က လူတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုနဲ့ ဒေါသ ဖြစ်လိုက်ပြီ။ ဒါဆို လုပ်နေတဲ့အလုပ်ကို ချက်ချင်းရပ်ပစ်လိုက်ပြီး ဖြစ်နေတဲ့ ဒေါသလေးကို သတိထား စိုက်ကြည့်လိုက်ပါ။ ဒေါသလေးက ဘယ်လိုလေး ဖြစ်နေတာလဲ စသဖြင့် ဒေါသရဲ့ သဘောလေး အထိမိအောင် သတိထားကြည့်ပါ။ ဒါဆို နှလုံးက ပုံမှန်ထက် ခုန်နေတာ၊ ခန္ဓာကိုယ်က တင်းကျပ်နေတာ၊ (တချို့ဆို အသားတွေတောင် တဆက်ဆက်တုန်နေ တတ်ပါတယ်။) ပင်ပန်းနေတာ၊ ပူလောင်နေတာ စသည်တွေကို တွေရပါလိမ့်မယ်။

အဲဒီဒေါသရဲ့ သဘောလေးတွေကို သိနိုင်သမျှသိအောင် သတိကပ်ပြီး ဒေါသဖြစ်တယ်။ ဒေါသဖြစ်တယ် လို့ အချက်သုံးဆယ် လေးဆယ်လောက် မှတ်ပစ်နေလိုက်ပါ။ တကယ်ဆိုတော့ ဝိပဿနာမှာ စကားလုံးဆိုတာ မလိုပါဘူး။ ဒါပေမယ့် ဝိပဿနာ အားမထုတ်ဖူးသေးတဲ့ သူတစ်ယောက် အနေနဲ့ကတော့ စကားလုံးကို အကူအညီယူပြီး မှတ်တာ ပိုအဆင်ပြေတတ်ပါတယ်။ ဝိပဿနာကို တော်တော်လေး အားထုတ်ထားဖူးတဲ့ သူကတော့ စကားလုံးမလိုပါဘူး။ ဖြစ်နေတဲ့ ဒေါသလေးကို သိနေဖို့ပါပဲ။

အတိတ်အတိတ်ဘဝက ဝိပဿနာ အထုံပါရမီပါခဲ့သူ ဒါမှမဟုတ် လက်ရှိပစ္စုပ္ပန်ဘဝမှာ ဝိပဿနာတရားကို တော်တော်လေး အားထုတ်ထားဖူးတဲ့သူဆိုရင် စူးစိုက်ပြီး ရှုမှတ်နေစဉ်မှာပဲ ဖြစ်နေတဲ့ ဒေါသလေလည်း ကုန်ပျက်သွားတာ၊ မှတ်သိနေတဲ့ မှတ်သိစိတ်ကလေးလည်း ကုန်ပျက်ကုန်ပျက်သွားတာကို သိခွင့်ရလိုက်မယ်၊ သိခွင့်ရလိုက်ပြီဆိုရင် “ သြော်…ငါ့နှယ် ဖြစ်မှဖြစ်ရလေ” ဆိုပြီး ကိုယ့်ကိုယ်ကို ရှက်ပြုံးလေး တောင် ပြုံးလိုက်ပါးဦးမယ်။

အကုသိုယ်စိတ်ဖြစ်၊ ဖြစ်တာနဲသိ သိတာနဲ့မှတ်ပြီး ပယ်ပစ်တဲ့ အကျင့်လေးကို စွဲနေအောင် ရှေ့ဘဝအထိ အထုံဝါသနာ ပါသွားအောင် အထူးလေ့ကျင့်ထားသင့်ပါတယ်။ အကျင့်ဆိုတာ ကျင့်ပါများသွားရင်း စွဲသွားတာပါ။

အဓိကကတော့ စဖြစ်ဖို့ပါ။ စဖြစ်ရင် စွဲသွားတာပါပဲ။

မကောင်းတဲ့စိတ်ဖြစ်တာက အကုသိုလ်ပါ။ မကောင်းတဲ့စိတ် ဖြစ်တာကို သိလိုက်တာက ကုသိုလ်ပါ။ သာမန်ကုသိုလ်တောင် မဟုတ်ပါဘူး၊ ဘာဝနာကုသိုလ်ပါ။ ဖြစ်တုန်းကတော့ အကုသိုလ်ပါပဲ၊ မှတ်လိုက်တော့ ကုသိုလ်ဖြစ်သွားပါတယ်။ အကုသိုလ် ဖြစ်တာတောင် ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ပုထုဇဉ်ပီပီ အကုသိုလ်စိတ် မကောင်းတဲ့စိတ်တွေ ကတော့ ဖြစ်နေမှာပါပဲ။ စိတ်မပျက်ပါနဲ့။ စိတ်ပျက်ရမယ့် အရာလည်းမဟုတ်ပါဘူး။ ဖြစ်တာနဲသိ၊ သိတာနဲ့မှတ်ပစ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အကုသိုလ်စိတ် တစ်ခုကို ရှုမှတ်ပြီး ပယ်ပစ်လိုက်နိုင်တယ်ဆိုရင်ပဲ ကိုယ့်ကိုယ်ကို ကြည်ညိုမှု ပီတိတွေ ဖြစ်လာမှာပါ။ အဲဒီကြည်ညိုမှု ပိတိတွေ ဖြစ်လာရင် ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ပျော်ရွှင်သွားတယ်ဆိုတာ ရှုမှတ်ဖူးသူတွေ ပိုသိပါတယ်။

အဲဒီလိုပါပဲ ကိုယ့်စိတ်ညံ့လေးတွေကို ပြုပြင်ယူယူသွားရတာပါပဲ။ ကိုယ်က ပြုပြင်ချင်တဲ့ စိတ်ရယ်၊ မြင့်မြတ်ချင်တဲ့ စိတ်ရယ် ရှိဖို့ပဲ အရေးကြီးပါတယ်။ ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ စိတ်ထားတွေ မြင့်မြတ်သူ ဖြစ်လာပြီဆိုရင် ကိုယ်တစ်ချိန်က ဖြစ်ခဲ့တဲ့ အကုသိုလ်တွေ မကောင်းတဲ့ စိတ်တွေ ပြန်တွေးမိရင် ရယ်ချင်စရာတောင် ဖြစ်နေပါဦးမယ်။

ကဲ ..စာဖတ်သူ ..မကောင်းတဲ့ စိတ်ဖြစ်တာနဲ့သိ၊ သိတာနဲ့ မှတ်ပစ်ကြည့်ပါလား.. အကုသိုလ်ကနေ အမြတ်ဆုံး ဝိပဿနာကုသိုလ် ဖြစ်သွားအောင်လေ။


စာစီ စာရိုက် ပူဇော်သူ ..ပုလုကွေး

Monday, July 6, 2009

မြတ်ဝါဆို

သင်္ကန်လှူချေစို့
သယ်ရင်းတွေ sms ပေး။
လှူချေ စို့ မြတ်သင်္ကန်း
Toa Payoh ကျောင်းမှာလေး။





တူညီစုံတွဲ လှူဒါန်းနေစဉ်

(ပုလုကွေးတို့ အတွဲ လုံးဝမဟုတ်ပါ..ပုလုကွေး ချစ်ချစ်က မြန်မာပြည်မှာ သူများတွေကို အားကျလို့ ရိုက်ထားတာ)


Thursday, June 25, 2009

အိမ်သာရေ ပြန်သောက်တဲ့ နိုင်ငံလား???


“ခင်ဗျား အခု စင်္ကာပူမှာ နေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင် (treatment) လုပ်ထားတဲ့ရေတွေလား” အဲဒီလို တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။

စလုံးမှာ ရေရှားတယ်ဆိုတာ (ရေ အရင်းအမြစ်ရှားတာပါ..ပိုက်ပိုက်တတ်နိုင်ရင် ကြိုက်သလောက်သုံးလို့ရတယ်နော် ..) အားလုံးသိကြပါတယ်။ ရေအများစုကို မလေးရှားကနေ ဝယ်ရပါတယ်။ မလေးရှားနဲ့ ၂၀၁၁ အထိ စာချုပ်ချုပ်ထားပါတယ်။

စင်္ကာပူမှာ ရေရနိုင်တဲ့ အရင်းအမြစ်ကြီးလေးခု ရှိပါတယ်။ အဲဒါတွေကတော့ (1) local Catchments (2) Johor Water (3) Desalted Water (4) NEWater တို့ပါပဲ။ အဲဒီထဲက ထူခြားတဲ့ NEWater အကြောင်းပြောချင်ပါတယ်။ NEWater ဆိုတာကတော့ စွန့်ပစ်ရေ ကိုပြန်သန့်စင်ထားတဲ့ ရေပါ။ အဲဒီလို စွန့်ပစ်ရေတွေကို ပြန်သန့်စင်ထားတဲ့ရေကို ကမ္ဘာမှာ စင်္ကာပူက စတင်သတ်မှတ် ခေါ်တာကတော့ NEWater လို့ခေါ်ပါတယ်။


စင်္ကာပူ ရေအရင်းအမြစ်ကြီးလေးခု



စွန့်ပစ်ရေ တွေကို သန့်စင်တဲ့ စက်ရုံလေးရုံ အခုလောလောဆယ် စင်္ကာပူလည်ပတ် နေပါတယ်။ အဲဒါတွေကတော့ Bedok, Kranji, Ulu Pandan and Seletar Water Reclamation Plants တို့ပါပဲ။ ၂၀၀၈ ဧပြီလမှ စတင်တည်ဆောက်တဲ့ Changi Water Reclamation Plant ဟာ လုံးဝ ပီးစီးသွားရင် အကြီးဆုံးဖြစ်လာမှာ ဖြစ်ပီး အဲဒီစက်ရုံကနေ တစ်နေ့ကို ရေဂါလံ ၅၀မီလီယံ ဂါလံ ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။

စွန့်ပစ်ရေကို သန့်စင်တဲ့နည်းကတော့ အကြမ်းဖျင်းပြောရရင် စွန်ပစ်ရေတွေကို tanks ကြီးတွေနဲ့ စုပါတယ်။ အဲဒီစုထားတဲ့ ရေဆိုးတွေကို ဖစ်တာတွေနဲ့ စစ်ပါတယ်။ အဲဒီလိုစစ်ထုတ်လိုက်တဲ့ အခါမှာ အညစ်အကြေးတွေနဲ့ ရေဟာ ကွဲပြားသွားပါတယ်။ အညစ်အကြေးတွေကို သတ်သတ် tank တွေနဲ့ စုပါတယ်။ ဖစ်တာကို ဖြတ်သွားတဲ့ရေတွေကို RO နည်းနဲ့ထပ်မံသန့်စင်ပါတယ်။

အဲဒီလို နည်းအဆင့်ဆင့်နဲ့ သန့်စင်လိုက်တဲ့ အခါ ရေဟာ လုံးဝနီးပါး သန့်စင်လိုက်တဲ့ ရေကို ရရှိပါတယ်။ ဖစ်တာကို ဖြတ်မသွားတဲ့ အညစ်အကြေးတွေကို tank တွေနဲ့ စုထား။ digester တွေမှာသိုလှောင်ကာ ဓါတ်ငွေ့ ထုတ်ပါတယ်။ ရရှိလာတဲ့ ဓါတ်ငွေကိုတော့ plant က စက်တွေလည်ပတ်ဖို့ လျှပ်စစ်ဓါတ်အားထုတ်ယူဖို့ သုံးပါတယ်။

နောက်ဆုံး ဘာမှသုံးမရတော့တဲ့ အညစ်အကြေးတွေကို အပင်တွေ စိုက်ပျိုးဖို့ မြေသြဇာအနေနဲ့ သုံးပါတယ်။ ဒါကတော့ sewage water တွေကို သန့်စင်တဲ့ နည်းလမ်းအကြမ်းဖျင်းပါ။

Water Reclamation Plant တစ်ခု၏ အစိတ်အပိုင်းတစ်ချို့



အဲဒီလို စွန့်ပစ်ရေကို ပြန်သန့်စင်လို့ ရလာတဲ့ရေ အများစုကို စက်မှုလုပ်ငန်းတွေမှာ သုံးးပါတယ်။ သောက်သုံးရေအဖြစ်မသုံးဘူးလား ဆိုတော့ ဟုတ်ကဲ……..သုံးပါတယ်။ သောက်ပါတယ်။ ဟိဟိ။

စွန့်ပစ်ရေတွေကို RO နည်းနဲ့ သန့်စင်လိုက်တဲ့ အခါမှာ ရေမှာပျော်ဝင်နေတဲ့ Mineral အကျိုးပြု ဓါတ်သတ္တုတွေ အကုန်လုံးနီးပါးဟာ ဖယ်ရှားခံလိုက်ရပါတယ်။ ဒါကြောင့် စွန့်ပစ်ရေကို သန့်စင်လို့ ရရှိတဲ့ ရေ (NEWater) ကို သဘာဝရေတွေနဲ့ ရောပီး သုံးပါတယ်။ အဲဒါကိုတော့ အခုကျတော်သောက်နေ သုံးနေတဲ့ရေ pub ရေ (portable water) လို့ခေါ်ပါတယ်။ ဘယ်လောက်ပမာဏလဲ ဆိုတော့ အခု ကျတော်တို့ သောက်နေ၊ သုံးစွဲနေတဲ့ ရေရဲ့ ၁ရာခိုင်နှုန်းပါ။ နောက်ပိုင်းဆို ၂.၅ ရာခိုင်နှုန်း အထိတိုးဖို့ရှိပါတယ်။

အဲဒီအိမ်သာရေလို့ အလွယ်ခေါ်တဲ့ စွန့်ပစ်ရေကနေ သန့်စင်လို့ ရရှိတဲ့ ရေဟာ လုံးဝ ရေသန့်နီးပါသန့်စင်ပါတယ်။ ဒါဆို ကျတော်တို့ စွန့်ပစ်ရေကို ဘာလို့ ဒါရိုက်မသောက်တာလဲ။ ဟုတ်ကဲ ဘာလို့လဲဆိုတော့ လူတွေ စိတ်ထဲမှာ အိမ်သာရေကို ပြန်သောက်တယ်၊ သုံးတယ်လို့ စွဲသွားမှာဆိုးတာက တစ်ချက်။ နောက်တစ်ချက်က အကျိုးပြု ဓါတ်သတ္တုတွေ (mineral) တွေ မပါတော့တာကြောင့်ပါ။



“ခင်ဗျား အခု စင်္ကာပူမှာနေနေတာလား။ ခင်ဗျား သောက်နေတဲ့ရေ၊ သုံးနေတဲ့ရေတွေဟာ အိမ်သာရေတွေလား (သို့) စွန်ပစ်ရေ (sewage) တွေကို သန့်စင်(treatment) လုပ်ထားတဲ့ရေတွေလား” ကဲ တစ်ယောက်ယောက်က မေးလာရင်ဘယ်လို ဖြေမလဲ။
“ဟုတ်ကဲ သောက်လဲသောက်ပါတယ်..မသောက်လဲ မသောက်ပါဘူးပေါ့..” တရားဝင်ကြေငြာထားတာကတော့ ၂.၅ ရာခိုင်နှုန်းပဲ။ ဒီထက် ဘယ်လောက်ပိုတယ် မပိုတယ်ဆိုတာကတော့ ပုလုကွေးလဲ မသိ။
“ကဲ ရေးရတာ ပင်ပန်းတယ်ဗျာ အိမ်သာရေ(စွန့်ပစ်ရေ) တွေကို သန့်စင်ထားတဲ့ရေတွေ ရောထားတဲ့ရေ တစ်ခွက်လောက် သောက်လိုက်အုံးမယ်ဗျာ… ဂလု ဂလု ဂွတ်”

(ဒီစာဖတ်ပီးလို့ စင်္ကာပူမှာနေပီး ရေသောက်ရတာ စိတ်ညစ်သွားရင် ပုလုကွေးနဲ့ မဆိုင် စာဖတ်သူနဲ့သာ သက်ဆိုင်ပါကြောင်း)

Ref: www.pub.gov.sg
www.wikipedia.com
(all photos are captured from the pub website)

Saturday, June 20, 2009

အလင်္ကာကြီးကို ဘယ်လိုမျက်နှာပြမလဲ


ပုလုကွေး ငယ်ငယ်က ဇာတ်တွေကြည့်ရတာ တော်တော် ဝါသနာပါပါတယ်။ အဒေါ်အငယ် အပျိုကြီးနဲ့ အတူတူ ပုလုကွေးတို့ မောင်နှမ ကြည့်ဖြစ်တာများပါတယ်။ ဇာတ်ထဲမှာဆို အများဆုံးကြည့်ဖြစ်တာက သစ္စာမေတ္တာ ရွှေမန်းသဘင် ပါ။ အဲဒီအချိန်က နာမည်ကြီး မန္တလေးသိန်းဇော်၊ မိုးဝင်းတို့ကို လဲကြည့်ဖူးပါတယ်။ ဒါပေမဲ့ မကြိုက်ဘူးဗျ။ သိန်းဇော်ဆို ကတာက နွဲ့လွန်းတယ်လို့ ထင်ပါတယ်။ မိုးဝင်း၊ မိုးမင်း တို့ကို တော့လုံးဝ ခံစားလို့မရတာပါ။ ပန်တျာကြည်လင်တော့ ကြိုက်ပါတယ်။

ပုလုကွေးတို့ ပဲခူးဘုရားပွဲဆိုတာကလည်း သင်္ကြန်မတိုင်ခင် နဲ့ သင်္ကြန်တွင်းမှာ ခြိမ့်ခြိမ့်သဲကျင်းပတာကလား။ ပဲခူးဘုရားပွဲက တခြားသောဘုရားပွဲတွေနဲ့ မတူဘူးခင်ဗျာ။ သူက တစ်နိုင်ငံလုံးက နာမည်ကြီးဇာတ်တွေ ၅ ၊ ၆ ၊ ၇ ခုလောက်ကို တချိန်ထဲမှာ ပြိုင်တူသွင်းတာခင်ဗျ။ ဇာတ်တွေကလည်း သူတို့ရုံလူပြည့်ဖို့ အပြိုင်ကကြတယ်ခင်ဗျ။ ဘယ်လိုပဲ ဇာတ်တွေများများ ပုလုကွေးတို့ တူဝရီး နှစ်တိုင်းအားပေးနေကြ ကတော့ သစ္စာမေတ္တာရွှေမန်းသဘင် ပါပဲ။

ရွှေမန်းသဘင်ကို ပဲခူးသူတွေက ဘယ်လောက်တောင် အားပေးသလဲ (ကဲသလိုဆို) မင်းသား ချမ်းသာက သီချင်းတစ်ပုဒ်ကို အစပဲပျိုးရသေးတယ်၊ အောက်ကနေ မင်းသားနဲ့ အပြိုင်လိုက်ဆိုကြတာဗျ။ ဥပမာဗျာ..ရွှေလက်ခုပ်သံ သီချင်းကို မင်းသားချမ်းသာက ရွှေလက်ခုပ်သံ လက်ခုပ်သံ..ဆိုပီး အစပဲပျိုးရသေး အောက်ကနေ..မိုးလုံးပြည့်ညံ ခြိမ့်ခြိမ့်သံ။ အာကာဝေယံ..ဗြဟ္မာပြေထံ၊ လူအပေါင်း ဝိုင်းကာကဲ ဆူဆူညံညံ ဘာသံလဲလို့ ချမ်းချမ်းကတဲ့ ပွဲတော်သဘင်မှ တီးလိုက်ပါတဲ့ ရွှေလက်ခုပ်သံ….ဘာညာ ဘာညာဆိုပီး ဆက်ဆိုကြတာ(ပုလုကွေးတောင် မေ့ကုန်ပီ)။

ပုလုကွေး ဇာတ်စကြည့်တဲ့ အချိန်က မင်းသားကိုချမ်းသာက ငယ်သေးသဗျ။ ဦးဝင်းဗိုလ်၊ ဦးဆန်းဝင်း တို့က ဦးဆောင်ပီးကတာဗျ။ မင်းသားဝင်းဗိုလ်ဆို ဝဝလေးနဲ့ ကတာလဲလှသဗျ။ ဦးဆန်းဝင်း ကတာလဲ အားပေးကြတာပါပဲ။(ကျတော် မင်းသားဦးဝင်းမောင် ကတာကို သိပ်မကြည့်ဖူးပါ) နောက်ပိုင်းတော့ မင်းသားချမ်းသာက ရွှေမန်းသဘင် ကိုဦးဆောင်လာခဲ့တယ်။ မင်းသားချမ်းသာရဲ့ ပြဇာတ်တွေဆို ပုလုကွေးမှတ်မိသလောက် ပျိုတို့မောင်ရှင်လိမ်ပြန်တော့(အဲ ဒါက ချမ်းသာရေးတာမဟုတ်ဘူးထင်တယ်)၊ ခင်ဦးနဲ့သား (ညွန့်ဝင်း ရုပ်ရှင် ပြန်ရိုက်ထားတယ်)၊ ဖိုးသင်္ကြန် တို့ ဆို တော်တော်လေးကို ကြိုက်ခဲ့တာပါ။

နှစ်ပါးသွား ကတော့ ပုလုကွေး အကြိုက်ဆုံးပဲခင်ဗျ။ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချမ်းသာ တို့ ညီအစ်ကိုတွေနဲ့ မင်းသမီးတွေ ဖြစ်တဲ့ လှလှသန်း၊ရွှေကူးတင်၊ ဋ္ဌေးဋ္ဌေးမြင့်၊ နောက်တော့ ပိုင်ပိုင်ချမ်း စတဲ့ မင်းသမီးတွေ ရဲ့အကတွေဟာ နှစ်ပါးသွားပီပီ မြိုင်ဆိုင်တယ်ဗျ။ တစ်ချို့ဇာတ်တွေမှာက နှစ်ပါးသွားလို့သာဆိုတယ် မင်းသမီးတွေက ထိုင်ရာက မထ ငုတ်တုတ်ဗျ။ မင်းသားပဲ ကနေတာလေ။ လူရွှင်တော်ကြီးတွေ ဖြစ်တဲ့ ရွှေခဲ၊ ရာပြည့် (နောက် မေ့ကုန်ပီဗျာ..နာမည်တွေ၊) တို့ ရဲ့ ပြတ်လုံးတွေဟာလဲ တော်တော်လေး ကောင်းပါတယ်ဗျာ။ လှလှသန်းရဲ့ အသံပြဲကြီးနဲ့ ချမ်းရေ..ချမ်းရေ ဆိုပီး ချမ်းသာကို ခေါ်တဲ့ အသံ၊ ဆန်းရေ ဆန်းရေ ဆိုပီး ဆန်းဝင်းကို ခေါ်တဲ့ အသံတွေကို အခုထိ နားထဲကြားယောင်သေးသဗျ။

၁၉၉၅ ပတ်ဝန်းကျင်ရောက်တော့ ဆန်းဝင်းသား တင်မောင်ဆန်းမင်းဝင်း ဟာ ဇာတ်ထဲကို အစပျိုးဝင်ရောက်လာသဗျ။ တင်မောင်ဆန်းမင်းဝင်းရဲ့ ပုဂံအက ဟာလဲ ကြည့်လိုကောင်းတယ်ဗျ။ နောက်ပိုင်း ရွှေမန်းသဘင်ဟာ နှစ်ခုကွဲသွားတယ်။ ချမ်းသာနဲ့ ဆန်းဝင်းတို့က တစ်ဇာတ်၊ မင်းသားဝင်းဗိုလ်က တစ်ဇာတ်။ တစ်နှစ်ပေါ့ အဲဒီ ရွှေမန်းသဘင် ဇာတ်နှစ်ခုလုံး ပဲခူးဘုရားပွဲမှာ အပြိုင်ကကြတယ်ဗျ။ အဲဒီတော့ ပုလုကွေးလဲ ဘယ်ဇာတ်မှ မကြည့်တော့ဘူး။ မကြာပါဘူး မင်းသားဆန်းဝင်း က အမေရိကန်မှာ အခြေချ။(မကျိန်းသေပါ)။ မင်းသားချမ်းသာလဲ ပဲခူးသူနဲ့ အိမ်ထောင်ကျပီး ဇာတ်ဆက်မကတော့ သလောက်ပါပဲ။ သစ္စာမေတ္တာရွှေမန်းသဘင်ကို တင်မောင်ဆန်းမင်းဝင်းနဲ့ သူ့ညီမက ဦးဆောင်ကလာတယ်။ ပုလုကွေးလဲ အဲဒီ အချိန်ကတည်းက ဇာတ်တွေနဲ့ ဝေးနေခဲ့တာပေါ့။ (ဦးဝင်းဗိုလ်သား စည်သူဗိုလ် ကတာကို နဲနဲပဲ ကြည့်ဖူးပါတယ်..မကြိုက်ပါ)

အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင် ချခဲ့မျိုးစေ့ကို မင်းသား ဆန်းဝင်း၊ မင်းသား ဝင်းဗိုလ်၊ မင်းသား ဝင်မောင်၊ မင်းသားချမ်းသာ တို့ဟာ အလင်္ကာရဲ့သွေးပီသစွာနဲ့ မြန်မာဇာတ်သဘင် ခေတ်ကို ဦးဆောင်ခဲ့ကြတယ်ဗျာ။ (ဦညွှန့်ဝင်းကတော့ ခြွင်းချက်ပေါ့)။

တနေ့ သယ်ရင်းအတောင်က burmese classic ကနေပီး ရုပ်ရှင်ဖွင့်ထားတယ်ဗျ။ သူဖွင့်ထားတော့ ပုလုကွေးလဲ ကြားနေရတာပေါ့။ လူရွှင်တော်က ခွန်းတောက်ဆိုသံကြားတော့ အော်အငြိမ့်ပဲ လို့ထင်ခဲ့တာ။ နောက်တော့ တင်မောင်ဆန်းမင်းဝင်း အသံကြားမှ အော်ရွှေမန်းသဘင်ပါလားဆိုပီး သူ့ကွန်ပျူတာဆီ အရောက်သွားပီး ကြည့်နေမိတယ်။ ရွှေမန်းသဘင်ဆို စိတ်ကကြည့်ချင်လာတာနဲ့ ဇာတ်ကားနာမည်ဘာလဲလို့ အတောင်ကို မေးမိတယ်။ အဲဒီမှာ ငါးပါးမှောက်တော့တာကလား။ သူပြောတာက “ခိုင်သင်းကြည်တို့ ကတဲ့ပွဲ (၃)တဲ့”။ ဗျာ အလင်္ကာ မျိုးဆက် တင်မောင်ဆန်းမင်းဝင်း ကဦးဆောင်ပီးကတဲ့ ဇာတ်ကို ခိုင်သင်းကြည်တို့ ကတဲ့ပွဲ လို့နာမည်တပ်ခံရသဗျ။ ရင်ထဲမှာ တစ်မျိုးကြီးပဲ။

ပုလုကွေးဟာ ယောင်္ကျားဝါဒီကို ပဲဆွဲကိုင်ထားတဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ဗျာ ရုပ်ရှင်မင်းသမီး ခိုင်သင်းကြည်ရဲ့ မကတက် ကတက်နဲ့ ကထားတာကို ခိုင်သင်းကြည် တို့ ကတဲပွဲ ဆိုပီး နာမည်တပ်ခံရတော့ အဲဒီအခွေကို ဆက်ကြည့်ဖို့တောင် အားမရှိတော့ဘူး။ အလင်္ကာကြီး ကို ဘယ်လိုမျက်နှာပြရမလဲဗျာ…။ (တကယ်တော့ အဲ့ဒီအခွေက နှစ်ပါးသွားကနဲနဲလေးပါ၊ ပြဇာတ်တွေ ဘာညာတွေနဲ့ ..)

(youtube မှာတင်ထားတဲ့ မင်းသားချမ်းသာရဲ့ ခင့်ဆုတောင်း သီချင်းရယ်၊ မင်းသား ဆန်းဝင်းရဲ့ ခင့်ဆုတောင်း ကို ကြည့်သွားပါအုံးဗျာ။ မနှစ်က မြန်မာပြည်ပြန်တာ ပုလုကွေး မှာရှိတဲ့ သစ္စာမေတ္တာရွှေမန်းသဘင် ရဲ့ အခွှေတွေကို ယူကျူ့မှာတင်ဖို့ဆိုပီး အားခဲထားပေမဲ့ အခွေတွေက ဖတ်မရအောင်ပျက်နေတော့ လက်လျှောခဲ့ရတယ်ဗျာ။ အခွေတွေဝယ်မယ်ဆိုပီး လိုက်ရှာတာလဲ မရဘူးဗျာ။ ရှိတဲ့လူတွေများ ရွှေမန်းသဘင် အက အလှတွေကို youtube မှာတင်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ )





Sunday, June 14, 2009

ရောက်တက်ရာရာ အတွေး သတင်းများ




၁။ အာရှထိပ်သီး စီပွားရေး၊ နိုင်ငံရေး၊ စစ်ရေး အင်အားကြီးမားတဲ့ မြန်မာနိုင်ငံမှ သူတို့ရဲ့ လူလိုက်ပါစီးနင်းမဲ့ တတိယမြောက်အာသယာဉ်ကို လာမဲ့ အင်္ဂါနေ့မှာ လွှင့်တင်မှာ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှာ မနေ့ဖော်ပြပါရှိပါတယ်။ အဆိုပါ ဇင်ယော်၃ အမည်ရ အာကာသယာဉ်ကို နိုင်ငံအဓိပတိ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စက်ခလုပ်နှိပ် ကာလွှင့်တင်မည့် အကြောင်း သတင်းများမှာဖော်ပြပါရှိပါတယ်။

၂။ စင်္ကာပူနိုင်ငံမှ တာဝန်ရှိသူများဟာ သူတို့နိုင်ငံမှ ကျွမ်းကျင်လုပ်သားများအား မြန်မာနိုင်ငံသို စေလွှတ်ရေး အတွက် သဘောတူ စာချုပ်တစ်ရပ်ကို ရေးထိုးနိုင်ရန် မြန်မာနိုင်ငံသို လာမည့် စနေနေ့တွင် ရောက်ရှိမှာဖြစ်ကြောင်း၊ အဆိုပါသဘောတူညီမှုရရှိပါက စင်ကာပူနိုင်ငံသားများအနေနဲ့ မြန်မာနိုင်ငံတွင် ဆိုက်ကားမောင်းခြင်း၊ လယ်ထွန်ခြင်း၊ ဆီအုန်းစိုက်ခြင်း စတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှာ ဖြစ်တဲ့ အကြောင်း သိရှိရပါတယ်။

၃။ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ေ၇းကုပ္မဏီကြီးမှ ယခုလ အကုန်တွင် touch screen ဖုန်း အလုံးတစ်သိန်း အား ဦးရာလူစနစ်ဖြင့် အလကားပေးသွားမှာဖြစ်ကြောင်း စီအန်အန် သတင်းမှ ကြေငြာသွားပါတယ်။ အဆိုပါဖုန်းများတွင် မြန်မာကျပ်ငွေ ၅၀ဖိုး ဖုန်းခေါ်ဆိုနိုင်မည့် ပရီပိတ်ကဒ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၎။ မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်းပိုင် အလုံဓါတ်အားဖြန်ဖြူးရေးငှာနခွဲမှ ဓါတ်အားပို့လွှတ်စက်များ ယာယီချို့ယွင်းမှုကြောင့် ဓါတ်အားပို့လွှတ်မှု ၄ မိနစ် ၃စက္ကန်ကြာမျှ ပြတ်တောက်မှု မနေ့က ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ၄မိနစ် ၃စက္ကန်ကြာ ဓါတ်အားပြတ်တောက်မှု အတွက် စက်မှုလုပ်ငန်းရှင်များသို လျှော်ကြေး မြန်မာကျပ် ၅သန်းပေးချေရမည့် အကြောင်း မြန်မာလျှပ်စစ် ဓါတ်အားလုပ်ငန်း ဝဘ်ဆိုဒ်တွင် တရားဝင် ကြေ ငြာထားကြောင်း သိရှိ၇ပါသည်။


၅။ ယနေ့ ငွေကြေးပေါက်ဈေးများကတော့ မြန်မာကျပ်ငွေ ၁ ကျပ်= အမေရီကန် ၁၂၀၃ ဒေါ်လာ၊ စတာလင်ပေါင်၉၀၆ပေါင်၊ တရုတ်ယွမ်=၅၃၈ယွမ်၊ ဂျပန်ယမ်း=၁၀၀၁.၈ယမ်း၊ အိန္ဒိယ ယူပီး ၁၁၃၇ယူပီး၊…..
ရွှေတစ်ကျပ် သား=မြန်မာကျပ်ငွေ ၁၂၉ကျပ်
ပလက်တီနမ် တစ်ကျပ်သား=မြန်မာကျပ်ငွေ ၅၀၇.၁၇ကျပ်

( အခုတလော ကျတော် စိတ်ညစ်နေလို့ (ကျတော့်ကို စိတ်ညစ်အောင် လုပ်တာဘယ်ချစ်ချစ်လဲ…) ဘာမှရေးချင်စိတ်မရှိဘူး။ ရေးတော့လဲ အခုလို ပေါက်တက်ကရလေးတွေပဲ ရေးမိတာပါ)